ရွေးကောက်ပွဲတွင် အရွေးခံရပါက ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆက်လုပ်မည်ဟု ကချင်ဝန်ကြီးချူပ် ပြော

0
184

ဓာတ်ပုံ – ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ နိုဝင်ဘာ ၅ ရက်နေ့ ကြိုတင်မဲသွားပေးစဉ်

နိုဝင်ဘာလ ၅ ရက်။ ၂၀၂၀ ခုနှစ်။

လာမည့်နိုဝင်ဘာ(၈)ရက်အထွေထွေရွေးကောက်ပွဲတွင် ထပ်မံရွေးချယ်တင်မြောက်ခံရလျှင် ဝန်ကြီးချုပ်အဖြစ် ၅နှစ်အတွင်း မလုပ်နိုင်ခဲ့သည့် ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ယနေ့ မနက် မြစ်ကြီးနား ဧရာရပ်ကွက်တွင် ကြိုတင်မဲသွားပေးစဉ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောဆိုခဲ့သည်။

“ကျနော်အနေနဲ့ အစိုးရသက်တမ်း ၅နှစ်အတွင်းမှာလည်း အများကြီးလုပ်ခဲ့တယ်။ အခုလည်း ထပ်မံရွေးချယ်ခံခဲ့ရင် လိုအပ်နေသေးတဲ့ ပြဿနာတွေကို ဆက်လက်ဖြေရှင်းပေးဖို့၊ နောက်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွေကို ဦးစားပေး ဆောင်ရွက်ပေးမယ်။ လိုအပ်နေသေးတဲ့အခြေခံအဆောက်အဦးတွေကို အားထည့်ပြီး ဆောင်ရွက်ပေး သွားမယ်”ဟု ပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်ပြည်ထောင်စုအဆင့်ကဖော်ဆောင်နေတာဖြစ်သည့်အတွက် ဝန်ကြီးချုပ်အနေဖြင့် သီးခြားပြောဖို့မရှိကြောင်း ဆိုသည်။

ပြည်နယ်အတွင်း ပြိုင်ဘက်ပါတီကြီးတစ်ခုဖြစ်သော KSPP ပါတီက USDP ၏ မဟာမိတ်ဖြစ်ကြောင်း ပြီးခဲ့သော လ ဆွမ်ပရာဘွမ်ခရီးစဉ်အတွင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု ဝေဖန်မှုများရှိခဲ့သည့်အပေါ် ‘KSPP ကို မဲပေးရင်ဘာအကျိုးရလဒ်ရှိမလဲ။ NLD ကို မဲပေးရင်ဘာအကျိုးခံစားခွင့်ရှိမလဲ။ USDP ကို မဲပေးရင် ဘာရမလဲ’ စသောအချက်များသာ ပြောဆိုခဲ့ကြောင်း သူက ပြန်လည်ဖြေရှင်းသွားခဲ့သည်။

နောနော် (KNG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here