ကျောက်တော်မြို့နယ် တင်းမရွာသားများ နေရပ်ပြန်ရေး မသေချာဘဲဖြစ်နေ

0
263

၂၉ ဇူလိုင် ၂၀၂၁

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများ လာမည့် အောက်တိုဘာလတွင် နေရပ်ပြန်ရန် ပြည်နယ်ကောင်စီနှင့် သဘောတူညီထားသော်လည်း လက်ရှိမှာ ကျေးရွာအတွင်း ပြန်လည်နေရာချ ထားရေးကိစ္စများ လုပ်ဆောင်သည်ကို မတွေ့ရသေးကြောင်း ၎င်းကျေးရွာသားများကပြောသည်။
တင်းမကျေးရွာသားများ နေရပ်ပြန်ရေးအတွက် သဘောတူညီထားသည့် မိုင်းရှင်းလင်းရေးကိစ္စ အပါအဝင် မီးလောင်ဆုံးရှုံးသွားသည့်နေအိမ်များ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို ကြိုတင်လုပ်ဆောင်သင့်နေပြီဖြစ်ေကြာင်း တင်းမကျေးရွာသား ဦးစောသိန်းက ပြောသည်။

အခုက အိမ်တွေဘာတွေဆောက်ပေးမယ်ဆိုတာကလည်း တစ်ခုမှ အသံမကြားသေးဘူး။ မိုင်းရှင်းလင်းဖို့ဆိုတဲ့အသံကလည်း မကြားရသေးဘူး။ တခြားပြန်လည်ထူထောင်ရေးကိစ္စတွေကို လည်း ပြောဆိုတာတွေ မကြားရသေးဘူး။ ကျနော်တို့က အောက်တိုဘာလမှာ ပြန်မယ်ဆိုတော့ ဒီအရာတွေကို ကြိုတင်ပြင်ဆင်ပြီးလုပ်ထားစေချင်တယ် ဟု သူကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က ကျောက်တော်မြို့တွင် ကောင်စီဝင်များနှင့် တင်းမကျေးရွာသားတို့ တွေ့ဆုံပြီး အောက်တိုဘာလတွင် နေရပ်ပြန်ရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

နေရပ်ပြန်မည့် တင်းမကျေးရွာသားများအား အိမ်ထောင်စုတစ်ခုကို ငွေငါးသိန်းကျပ်နှင့် ဆန်ရိက္ခာတစ်လစာ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျေးရွာသို့ရောက်ရှိပါက နေအိမ်များအောက်လုပ်ပေးသွားမည်ြဖစ်ကာ တစ်ခြားအလုပ်အကိုင်များနှင့်ပတ်သက်၍
အဆင့်ဆင့်ဆောင်ရွက်ပေးသွားမည်ဟု ကောင်စီဘက်က သဘောတူညီထားခဲ့သည်။

တင်းမကျေးရွာသားများနေရပ်ပြန်နိုင်ရေးနှင့်ပတ်သက်ပြီး လက်ရှိတွင် စကားဖြင့် ပြောဆိုမှုသာရှိကြောင်း တင်းမကျေးရွာ ကျောင်းထိုင်ဆရာတော် အရှင်ဝါယမိန္ဒက ပြောသည်။

အခုကပင် ရွာနားတွေမှာ မိုင်းရှင်းပေးဖို့လိုအပ်ပြီ။ ဒါပေမယ့် မိုင်းရှင်းတာတွေကအစ ဘာမှလုပ်ဆောင်တာ မတွေ့ရသေးဘူး။ ရပ်ရွာပြန်ဖို့အတွက်ကို ရပ်မိရပ်ဖတွေနဲ့ အိမ်တွေက ဘယ်လိုပုံစံ ဆောက်မယ်၊ ရွာသားတွေနဲ့ တိုင်ပင်တာတွေကို ဒီအချိန်ကနေ လုပ်ဖို့လိုနေပြီ။ ဆောင်ရွက်ချက်တွေကိုလည်း ဘာမှမတွေ့ရဘူး။ စကားနဲ့သာပြောထားတာပဲရှိတယ် ဟု ဆိုသည်။

တင်းမကျေးရွာသား ဦးမောင်ထွန်းညွန့်ကလည်း သူတို့က တကယ်လို့များ စေတနာရှိရှိနဲ့ နေရပ်ပြန်စေ ချင်တယ်ဆိုရင်တော့ မိုင်းရှင်းလင်းရေးကိစ္စတွေကို လုပ်ဆာင်ဖို့သင့်ပြီလို့ထင်တယ် ဟု ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးကိစ္စထက် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာ ကွယ်ရေးပစ္စည်းများပေးရန် အရေးတကြီးလုပ်ဆောင်နေရသည့်အတွက် နေရပ်ပြန်ရေးကိစ္စကို ညှိနှိုင်းဆောင်ရွက်ရန်မရနိုင်ေသးဟု ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။

လောလောဆယ်မှာ ဦးစားပေးလုပ်နေရတာက အဲဒီရွာပြန်ရေးကိစ္စထက် တိုက်ပွဲရှောင်စခန်းတွေ အတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေပေးဖို့ အရေးတကြီးလုပ်နေရတယ်။ ပြီးရင် Lock Down ချခံထားရတဲ့ စင်းဘောကိုင်းစစ်ရှောင်စခန်းလိုေနရာမျိုးအတွက် စားနပ်ရိက္ခာပို့ဖို့လုပ်နေရတယ်။ ကိုဗစ်ကာလမှာတော့ ဒီဟာ(ရွာပြန်ရေး)က ရပ်နေမှာဖြစ်တယ် ဟု သူကဆိုသည်။

၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တင်းမကျေးရွာသားများမှာ ကျေးရွာကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရပြီးနောက်တွင် ကျေးရွာအတွင်းမှနေအိမ်များမှာလည်း မီးရှို့ခံခဲ့ရသည်။

ယင်းကြောင့် တင်းမကျေးရွာမှ အိမ်ခြေ ၁၃၂ ဆောင်နှင့် ဘုန်တော်ကြီးကျောင်းတို့မှာ ပျက်ဆီးဆုံးရှုံးမှုများရှိခဲ့ေကြာင်း ကျေးရွာသို့ သွားရောက်ကြည့်ရှုခဲ့သူများ၏ စာရင်းအရသိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် နှစ်ဖက်တိုက်ပွဲရပ်တန့်နေသည်မှာ ၉ လခန့်အထိရှိလာပြီဖြစ်သော်လည်း ကျေးရွာအနီးတွင် တပ်မတော်မှ တပ်စွဲနေထိုင်ခြင်း၊ မြေမြှုပ်မိုင်းအန္တရာယ်တို့ကို စိုးရိမ်သည့်အတွက် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် တစ်သိန်းကျော်အထိရှိနေသေးသည်။

အောင်ထိန် (DMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here