မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရခိုင်စစ်ဘေးရှောင်စခန်းတချို့ ရေဘေးကြုံနေရ

0
326

၂၇ ဇူလိုင် ၂၀၂၁

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် စစ်ဘေးရှောင်စခန်းတချို့မှာ ရေကြီးမှုနှင့်ကြုံတွေ့နေရကြောင့် စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မြောက်ဦးခရိုင်မှ လူဦးရေ ၉၀၀ ကျော်ခိုလှုံနေသည့် ကုလားချောင်းစစ်ဘေးရှောင်စခန်းတွင် ယခုရက်ပိုင်း မိုးကြီး၊ ဒီရေကြီးသည့်အတွက် စခန်းရှိအဆောင်များ ရေနစ်မြုပ်လျက်ရှိသည်ဟု စခန်းတာဝန်ခံ ဦးလှထွန်းယဉ်က ပြောသည်။

“တစ်ရက်မှာ ၂ နာရီလောက်ပဲ ရေကနည်းနည်းလျော့တယ်ပေါ့နော်။ ဒီရေတက်ချိန်၊ မိုးရွာချိန်ဆိုလို့ရှိရင် စခန်းမှာလှေစီးပြီးသွားလို့ရတယ်။ အခန်းတစ်ခုသာကျန်တယ်။ အကုန်လုံး ရေနစ်သွားတယ်။ ဒီနေ့ဆိုရင် ရေတက်တာ ၄ ရက်လောက်ရှိပြီ” ဟု ဆိုသည်။

ကုလားချောင်းစစ်ဘေးရှောင်စခန်းမှာ ဇူလိုင် ၂၂ ရက်ကတည်းက ရေနစ်မြုပ်နေသည့်အတွက် စခန်းမှသက်ကြီးရွယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ဘေးလွတ်ရာ ကုလားချောင်းဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ထားရကြောင်းလည်း သိရသည်။

မြောက်ဦးမြို့နယ် ပြလှ၊ ရွာသစ်ကေ၊ ပီပင်ရင်း စသည့် စစ်ဘေးရှောင်စခန်းများမှာလည်း မြေနိမ့်ဒေသဖြစ်သည့်အတွက် မိုးကြီး၊ ဒီရေကြီးချိန်တွင် ရေကြီးမှုဒဏ်ကိုခံနေကြရကြောင်းသိရသည်။

ထို့အပြင် ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် ရေနစ်မြုပ်မှုကို ကြုံတွေ့နေရသည့်အပြင် စားနပ်ရိက္ခာများကိုထောက်ပံ့ေနသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ဇူလိုင်လကစပြီး ထောက်ပံ့မှုများရပ်ဆိုင်းနေသည်ဟု ပီပင်ရင်းစခန်းတာဝန်ခံ သိန်းကျော်မြက ပြောသည်။

“ရေလည်းကြီးနေတယ်။ စခန်းအသွားအလာလည်း ကန့်သတ်ထားတယ်ဆိုတော့ စားဝတ်နေရေးပိုပြီးခက်ခဲသွားတယ်။ WFP က လစဉ်ထောက်ပံ့ပေးနေတဲ့ တစ်လငွေ ၁၅၀၀၀ ကျပ် မရတာလည်း အခုဆိုရင် ၂ လလောက်ရှိပြီ။ ကျနော်တို့မှာ ကျေးရွာအတွင်းကချေးပြီးတော့ ဖြစ်သလိုစားနေရတယ်။ မရှိဆင်းရဲသားတွေဆိုရင်သူတို့မှာ ရှိတဲ့ဟာတွေကိုရောင်းချပြီး စားဝတ်နေရေးဖြေရှင်းနေရတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်စခန်းများအတွက် ယခင်ကတည်းက ထောက်ပံ့မှု အားနည်းနေလျက်ရှိရာမှ ယခုအခါ ကိုဗစ်ကြောင့် အသွားအလာကန့်သတ်ခံထားချိန်တွင် စားဝတ်နေရေး ပိုမိုအခက်အခဲဖြစ်လာရသည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။

ကိုဗစ်ကူးစက်ခံရသူအချို့ရှိ၍ စခန်းတခုလုံး lockdown ချထားသည့် မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် မီးဖိုချောင်သုံးပစ္စည်းများလိုအပ်နေသည်ဟု စခန်းတာဝန်ခံ ဦးညီပုက ပြောသည်။

“စခန်းအပြင်ကိုလည်း မထွက်ရတဲ့အတွက် ကျနော်တို့မှာ ဆား၊ဆီ၊ ငရုတ်သီး၊ ဟင်းချိုမုန့်၊ ဟင်းသီးဟင်းရွက်ကအစ မရှိဘူးဖြစ်နေတယ်။ ဖြစ်သလိုချက်စားနေရတယ်။ ရောင်းချဖို့လူမရှိသလို အဲဒီဟာတွေအတွက် ထောက်ပံ့ပေးမယ့်လူတွေလည်း မရှိပါဘူး ” ဟု ဆိုသည်။

လက်ရှိစစ်ဘေးရှောင်များမှာ အစိုးရထောက်ပံ့ပေးမှု နည်းလာခြင်း၊ ကိုဗစ်ကာလဖြစ်သည့်အတွက် အပြင်ထွက်ပြီး ဝင်ငွေရှာဖွယ်ခွင့် မရကြသည့်အတွက် တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်နေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းရုံး(REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

“အစိုးရထောက်ပံ့မှုအားနည်းနေတဲ့ စစ်ရှောင်စခန်းတွေမှာ ပုဂ္ဂလိက အလှူရှင်တွေကပါ ပိုပြီးတော့နည်းလာတယ်။ အဲဒါအပြင် အခုအောက်ဆီဂျင်စက်ရုံကို အားသန်ပြီးတော့ အလှူရှင်တွေက မျှတမှုမရှိပဲ အဲဒီဖက်ကိုပဲလှူလာကြတယ်။ lockdowm ချခံထားရတဲ့ကြားကာလမှာ စစ်ဘေးရှောင်တွေ လျစ်လျူရှုခံနေရသလိုဖြစ်နေတယ်”ဟု ဦးရွှေဘော်စိန်က ပြောသည်။

ယခုကဲ့သို့ Lockdown ချခံထားရသည့်ကာလမှာ မည်သည့်အထောက်ပံမှမရရှိသော စစ်ဘေးရှောင်များအတွက် ရအစိုးရအပြင် အရပ်ဖက်အဖွဲ့ အစည်းများအနေနှင့် နည်းလမ်းတစ်ခုခုဖြင့် လည်းကောင အချိန်မီစဉ်းစားရန်လိုအပ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲ ၂ နှစ်တာကာလအတွင်း စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိခဲ့ပြီး လက်ရှိတိုက်ပွဲများရပ်တန့်နေသည်မှာ ၉ လခန့် ကြာမြင့်လာသော်လည်း မိမိနေရပ်သို့မပြန်နိုင်သေးသည့် စစ်ဘေးရှောင် တစ်သိန်းကျော်ကျန်ရှိနေသေးသည်။

အောင်ထိန် (DMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here