ပလက်ဝမြို့ ဖမ်းဆီးခံချင်းလူငယ် ၅ ဦး မိသားစုနဲ့ အဆက်သွယ်မရသေး

0
253

၈ ဇူလိုင် ၂၀၂၁

ချင်းပြည်နယ် ပလက်ဝမြို့က အဖမ်းခံရတဲ့ ချင်းလူငယ် ၅ ဦးကို အာဏာသိမ်းစစ်ကောင်စီက ပုမ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဇွန်လ ၁၈ ရက်နေ့က ပို့ဆောင်ခဲ့ပေမယ့် မိသားစုတွေနဲ့ယနေ့ချိန်ထိ အဆက်အသွယ်မရသေး တာကြောင့် မိသားစုဝင်တွေကစိတ်ပူနေကြပါတယ်။

ပလက်ဝမြို့မှာ မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီဟာ မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းမှာအလုပ်လုပ်ကိုင်နေသူတွေအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပေမယ့် ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခဲ့ပါတယ်။

အဲဒီအမှုဖွင့်ခံရတဲ့ ချင်းလူငယ် (၅) ဦးကတော့ ကိုအိုက်မင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူးနဲ့ အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြပြီး ၎င်းတို့ ၅ ဦးကို ပလက်မြို့ရဲစခန်းကနေ ဇွန်လ ၁၇ ရက်နေ့က ခလရ (၂၈၉) တပ်ရင်းသို့ ခေါ်ဆောင်ပြီး ဇွန်လ ၁၈ ရက်နေ့မှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ဟာ သူတို့ရဲ့ အမှုရုံးချိန်းရက်ဖြစ်ပေမယ့် သက်ဆိုင်ရာအာဏာပိုင်တွေက ရုံးထုတ်တာမျိူးမရှိဘဲ စစ်တပ်လက်ထဲမှာသာရှိနေကြသေးပြီး ဇူလိုင် ၁၄ ရက်နေ့ကို ရုံးပြန်ချိန်းတယ်လို့လည်း ပလက်ဝကလာတဲ့ သတင်းတွေအရ သိရပါတယ်။

အဲဒီလူငယ် ၅ ဦးဟာ မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ ကူညီထောက်ပံ့ဖို့အတွက် အလှူငွေကောက်ခံပြီး ရရှိသောငွေကျပ်သိန်း ၂၀ ကျော်ကို ပလက်ဝမြို့မြန်မာ့စီးပွားရေးဘဏ်ကတဆင့် မင်းတပ်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ လွှဲအပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံရတာဖြစ်ပါတယ်။
KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here