ဝေါလေဒေသ သတ်ဖြတ်မှုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း KNU ထုတ်ပြန်

0
123

၁၇ ဇွန် ၂၀၂၁

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်ချုပ်နယ်မြေ၊ မြဝတီခရိုင်အတွင်းရှိ ဝေါလေဒေသ သတ်ဖြတ်မှုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း KNU မှ ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

မြဝတီမြို့နယ် ကနဲလေး-မောခီကြားရှိ အူးချောင်းတံတား လုပ်ငန်းများ လုပ်ကိုင်နေစဉ် အမျိုးသမီးနှင့် ကလေးများ အပါအဝင် စုစုပေါင်း ၄၇ ဦးကို ၎င်းဒေသတွင် လှုပ်ရှားနေသည့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO တို့မှ ဖမ်းဆီးသွားပြီးနောက် အသက် ၁၈ နှစ်မှ ၅၂ နှစ်ကြားရှိ အမျိုးသား ၂၅ ဦး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

လက်နက်ကိုင်တိုက်ခိုက်မှုများအတွင်း အရပ်သားများကို သတ်ဖြတ်သည့် ဖြစ်စဉ်တို့ကို လက်ခံနိုင်ခြင်းမရှိဘဲ Geneva Convention ကို လိုက်နာသည့်အဖွဲ့ဖြစ်ကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး အဖြစ်မှန်‌ပေါ်ပေါက်ရေးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးသွားမည်ဟု ဆိုသည်။

KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်နယ်ဒါးမြကတော့ “သေဆုံးသူအားလုံးက အရပ်သားလို့ သူတို့ပြောတာ အမှန်က အရပ်သား မဟုတ်ဘူး။ အားလုံး စစ်သား တွေချည်းပဲ။ သူများ ဝင်ရှုပ်လို့မရအောင် မိသားစုတွေနဲ့ သူတို့လွှတ်တာ။ ဒီအချိန်မှာ လမ်း မလုပ်နဲ့ ပြောတယ်။ ဘယ်သူလုပ်ခိုင်းတာ လဲမေးတော့ အပေါ်က ခိုင်းတာလို့ ပြောတယ်။ တို့တွေ အဝင်အထွက်ကို သူတို့ သတင်း ယူပြီး ပို့တယ်။ သူတို့တွေကို မဖမ်းရင် ကျနော်တို့လုံခြုံရေးအတွက် အဆင်မပြေတော့ဘူး။ အမှန်တော့ သူတို့ကို ဘာမှမလုပ်ချင်ဘူး။ ဒါပေမယ့် စစ် တပ်ဘက်က အချိန်တိုအတွင်းမှာ ကျနော်တို့ကို လာတိုက်ခိုက်တယ်။ ဖမ်းထားချိန်မှာ သူတို့ လှမ်းပစ်ခတ်တယ်။ သူတို့ လူတွေ ထိတာလည်း ရှိတယ်။ သူတို့ကလေးတွေကိုတောင် လုံခြုံအောင် ပြန်ထားပေးရတယ်”ဟု ဇွန်လ ၁၄ရက်နေ့တွင် ဒေသတွင်းတိုင်းရင်းမီဒီယာတစ်ခုဖြစ်သည့် KIC သို့ ပြောဆိုရှင်းလင်းထားသည်။

ဝေါလေမြို့နယ်ခွဲတွင် KNDO နှင့် စစ်ကောင်စီတပ်တွေအကြား မေလ ၃၁ ရက်မှ ဇွန်လ ပထမအပတ်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အူးဟူချောင်းတံတား လုပ်ငန်းခွင်မှ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၆ ဦး၊ ကလေး ၁၀ ဦး၊ စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဇွန် ၁ ရက်နှင့် ၉ ရက်တွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေး ၁၀ ဦး တို့ကို ပြန်လွှတ်ပေးခဲ့သည်။

သို့သော် ကျန် ၂၅ ဦးမှာ သတ်ဖြတ်ခံခဲ့ရပြီး စစ်ကောင်စီမှ ဇွန်လ ၁၁ ရက်တွင် ရုပ်အလောင်း ၆ လောင်း တစ်စုတည်း မြှုပ်နှံထားသည်ကို ကနဦးတွေ့ရှိခဲ့ရကာ ဇွန်လ ၁၂ ရက်၌ ရုပ် အလောင်း ၁၈ လောင်းကို ထပ်မံတူးဖော် တွေ့ရှိခဲ့သည်ဟု စစ်ကောင်စီက ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့သည်။

ထိုကိစ္စရပ်များနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဥပဒေများနှင့်အညီ အရေးယူမှု ပြုလုပ်ရန် သတ်မှတ်ချက် စည်းမျဉ်း စည်းကမ်းများရှိကြောင်းနှင့် အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရရှိလာသော စုံစမ်းမှုရလဒ်များကို မှ အသိပေးထုတ်ပြန်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here