ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်ရှိ ကျေးရွာများအတွင်း အာဏာသိမ်းစစ်ကောင်စီမှ လူသစ်စုဆောင်းမှုများ ပြုလုပ်နေဟုဆို

0
459

ဇွန်လ ၁၅ ရက်၊ ၂၀၂၁ခုနှစ်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အာဏာသိမ်းစစ်ကောင်စီမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူ၍ ကျေးရွာအတွင်းရှိ လူငယ် အမျိုးသားများကို ခေါ်ယူစုဆောင်းခိုင်း နေကြောင်း ဒေသခံ ကျေးရွာသားများထံမှ သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့် ကျေးရွာ ရာအိမ်မှူးများမှ ကျေးရွာအတွင်း အစည်းအဝေး ခေါ်ယူ၍ အသက် ၁၈ နှစ် နှင့် ၃၅ နှစ် ဝန်းကျင် အမျိုးသားများကို တစ်ရွာလျှင် ၅ ယောက်စီခန့် အာဏာသိမ်းစစ်ကောင်စီ ၏ လူသစ်စုဆောင်းမှု တွင် သွားရမည်ဖြစ်ပြီး မသွားလိုလျှင်လည်း ငွေကြေး ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း အမည် မဖော်လိုသူ ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

၎င်းက “မနေ့က ရွာထဲက ရာအိမ်မှူးက အစည်းအဝေး ခေါ်တယ်။ စစ်တပ်က ခေါ်တယ်တဲ့ လူ လေး ငါး ယောက်လောက် သွားရမယ်တဲ့။ မသွားလည်းရတယ်ပေါ့။ တကယ်လို့ မသွားချင်ရင် သူတို့ ခေါ်ထားတဲ့ လူတွေ ရှိတယ်။ အဲ့လူတွေအတွက် တစ်အိမ်ထောင်ကို ငါးထောင် တစ်သောင်း ပိုက်ဆံ ထောက်ပံ့ရတယ်။ ရွာက လူတွေ က မသွားချင်ကြတော့ မဲနှိုက်ခိုင်းပြီး သွားခိုင်းတာ” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီမှ လူသစ်စုဆောင်းခိုင်းရာတွင် ပြည်သူ့စစ် အဖြစ် အမှုထမ်းရမည်ဟု ကြားသိရသလို ပေါ်တာဆွဲသည့် ပုံစံမျိုးလည်း ဖြစ်နေကြောင်း ၎င်း ဒေသခံ က ဆက်လက်ပြောဆိုပြီး ၎င်းကျေးရွာအနေ ဖြင့် တစ်ဦးတစ်ယောက်မျှ မသွားချင်ကြဘဲ ငွေကြေး ထောက်ပံ့မှုမျိုးသာ လုပ်ဆောင်ပေးရန် အများစု ဆန္ဒ ရှိကြ သည်ဟု ဆက်ပြောသည်။

၎င်းလူသစ် စုဆောင်းမှုမျိုးကို လက်ရှိ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာအတော်အများတွင် လုပ်ဆောင်နေပြီး မည်သည့် စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့မှ ခေါ်ယူ စုဆောင်နေကြောင်း ဒေသခံ ကျေးရွာသားများမှ မသိရှိကြသလို ယခုလို လူသစ်စုဆောင်းခေါ်ယူမှုအပေါ်တွင်လည်း စိုးရိမ် မှုများရှိနေကြသည်ဟု ဒေသခံများက ဆိုသည်။

ယခုလူသစ် စုဆောင်းခေါ်ယူမှုခံရသည့် ကျေးရွာအများစုမှာ ဝါးခယ်မ မြို့နယ်အတွင်းရှိ ကရင်ကျေးရွာ အများစုတွင် ဖြစ်ပေါ်နေပြီး ၎င်း လုပ်ရပ်များအပေါ် ကရင်လူငယ်များအနေဖြင့် အထူးသတိထားကြရန် နှင့် အပြင်းအထန် ရှုတ်ချကြောင်းလည်း ဧရာဝတီကရင်လူငယ်ဦးဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။

“အခုလို ဖြစ်ပေါ်မှုတွေက ကရင်ကျေးရွာတွေကို ပစ်မှတ်ထား လူစုနေတာကို ကျနော်တို့ မြစ်ဝကျွန်း ပေါ်ဒေသ မှာရှိတဲ့ ကရင်လူထုတွေ လူငယ်တွေအနေနဲ့ အထူးသတိထားဖို့လိုတယ်။ ကျနော်တို့ ကော်မတီအနေနဲ့ကလည်း အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ မြစ်ဝကျွန်းပေါ်မှာရှိ တဲ့ ကရင်လူထုတွေကို တိုက်တွန်းထားပြီးဖြစ်သလို အခုလို စုဆောင်းရေး လုပ်ဆောင်မှုကိုလည်း လုံးဝ ရှုတ်ချတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် လက်ရှိ အခြေအနေအပေါ် စောင့်ကြည့်လေ့လာပြီး ယခုထက် အခြေအနေ ဆိုးဝါးမှုများ ဖြစ်ပေါ် လာပါက ကရင်လူထုများအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်သွားရန် ပြင်ဆင်သင့်ကြောင်း နှင့် စစ်ကောင်စီ ၏ ယခု လုပ်ဆောင်သည့် စုဆောင်းရေး အပြင် ၎င်းတို့၏ အုပ်ချုပ်ရေး ကိစ္စရပ်များတွင် လုံးဝပါဝင်လုပ် ဆောင်ခြင်းမျိုး မပြုရန် လည်း ၎င်းက ဆက်လက်တိုက်တွန်းပြောဆိုခဲ့သည်။

လတ်တလောအချိန်ထိ စစ်ကောင်စီ၏ လူသစ်စုဆောင်းမှုမျိုးကို ဧရာဝတီတိုင်းဒေသအတွင်း ဝါးခယ်မမြို့နယ် အတွင်းသာ ဖြစ်ပေါ် နေကြောင်း ကြားသိရသေးပြီး ကျန်မြို့နယ် ဒေသများတွင် အလားတူ စုဆောင်းမှုမျိုး မကြားသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

ကေအိုင်စီ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here