ရေးမြို့ အလက(၂) ကျောင်းရှေ့ ပစ်ခတ်မှုဖြစ်ပွား၊ လူတစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

0
152

၁၄ ဇွန် ၂၀၂၁

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အလက(၂)ကျောင်းရှေ့တွင် ဇွန်လ ၁၄ ရက်နေ့၊ ညနေ ၃ နာရီ ကျောင်းဆင်းချိန်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦးထိမှန်ခဲ့ပြီး တစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကျောင်းဆင်းချိန် ကားလမ်းပိတ်ပြီး ကလေးတွေကို လမ်းရှင်းပေးနေသူတစ်ဦးလက်မောင်းရှပ်ထိပြီး တစ်ဦးကတော့ နားထင်ထိမှန် သေဆုံးခဲ့တယ်” ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။

ကျောင်းဆင်းချိန် လမ်းရှင်းပေးနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖတစ်ဦးဖြစ်သူတို့ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ရပ်မိရပ်ဖတစ်ဦးမှာခေါင်းတွင်ထိမှန်သေဆုံးခဲ့ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လက်တွင်သေနတ်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။

အောင်မေတ္တာရပ်ကွက်နေပြည်သူတစ်ဦးက ” သေနတ်သံ နှစ်ချက်ကြားရတယ်၊ သေတဲ့တစ်ယောက်က စစ်မှုထမ်းဟောင်း၊ ရပ်ကွက်ရုံးမှာလည်း ရပ်မိရပ်ဖပဲလို့ သိထားတယ်၊ အုပ်ချုပ်ရေးမှူးကတော့ စစ်တပ်လက်ထက်မှာ အသစ်ခန့်ထားတာပေါ့ ” ဟု ပြောကြားသည်။

ပြီးခဲ့သည့်မေလ ၂၅ ရက်နေ့ကလည်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုလက်ပစ်ဗုံးနဲ့ပစ်ပေါက်ခံခဲ့ရာတွင် ပေါက်ကွဲသော်လည်း လူထိခိုက်မှုမရှိခဲ့သလို ဇွန်လ ၃ ရက်နေ့က ရပ်ကွက်ရုံးအနီးရှိ အလက-၂ ကျောင်းကို လက်ပစ်ဗုံးပစ်သွင်းခဲ့သော်လည်း ပေါက်ကွဲခြင်းမရှိကြောင်း သိရသည်။

ရေးမြို့နယ်အတွင်း ဧပြီလနောက်ဆုံးအပတ်မှ ယနေ့အထိ ဗုံးပေါက်ကွဲမှု၊လက်ပစ်ဗုံးနှင့်အပစ်ခံရမှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး မေလ ၁၉ ရက်နေ့ကအောင်သုခရပ်ကွက်နေ ကိုကျော်မင်းထွန်း(ခ)ကိုချစ်တီးကို ဖောက်ခွဲရေးသမားဟုဆိုကာ လက်လုပ်ဗုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ခဲ့သည်။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here