ဖားအံမြို့နယ် ဝဲပျံရွာတွင် ဒေသခံကလေးများကို ကျောင်းတက်ရန် BGF ခြိမ်းခြောက်ပြောဆိုနေဟုဆို

0
509

ဓါတ်ပုံ- ခြိမ်းခြောက်ပြောဆိုခဲ့သူ ဗိုလ်တင်ဝင်း ဆိုသူ၏ ပုံ

ဇွန်လ ၉ ရက်၊ ၂၀၂၁ခုနှစ်

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဝဲပျံကျေးရွာတွင် ဒေသခံကျေးရွာသားများကို နယ်ခြားစောင့်တပ် (BGF) မှ ခေါ်ယူ၍ သားသမီးများကို ကျောင်းတက်ခိုင်းရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ ထောက်ခံအားပေးသည့် ကျောင်းအုပ်ဆရာမနှင့် ဒေသခံကျေးရွာသားတချို့၏ တိုင်တန်းမှုကြောင့် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က BGF မှ ဗိုလ်တင်ဝင်ဆိုသူက ဒေသခံ ကျေးရွာသား များကို ခေါ်ယူ၍ ကလေးများ ကို ကျောင်းမထားလျှင် တိုင်တန်း အရေးယူခံရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “ဒီမှာက ကျောင်းမအပ်ရဲကြတဲ့သူတွေရှိတယ်။ ကျောင်းမအပ်ကြတော့ အစည်းအဝေးခေါ်တယ်။ တစ်အိမ်တစ်ယောက်ဆိုပြီးတော့ တနင်္လာ နေ့က ခေါ်ပြီး နင်တို့တတွေ ကျောင်းမအပ်ရင် သူပုန်နဲ့ ဆက်သွယ်တယ်ဆိုပြီး အရေး ယူမယ်တဲ့။ အဲ့ဒါ မအပ်ချင်လည်း အပ်နေကြရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဝဲပျံကျေးရွာတွင် အထက်တန်းကျောင်းအဆင့်ထိ ရှိပြီး ယခင်က ဒေသခံ ကျောင်းသူ ကျောင်းသား ၃၀၀ ကျော်ခန့်ပညာသင်ယူနေသော်လည်း လက်ရှိတွင် ကျောင်းသူ ကျောင်းသား ၁၀၀ ကျော်ခန့်သာ ကျောင်းအပ်ကြ သောကြောင့် ယခုလို ခြိမ်ခြောက်ပြောဆိုခံရခြင်းဖြစ်သလို ကျောင်းအုပ်အပါအဝင် ကျောင်းဆရာ၊ဆရာမ အားလုံးကလည်း Non-CDMများ ဖြစ်ကြကြောင်း အဆိုပါ ဒေသခံ က ဆက်ပြောသည်။

“ကျောင်းမှာကျောင်းသားက ၃၀၀ ကျော်လောက်ရှိတယ်။ ပထမက ကျောင်းသားတွေက မတက်ရဲကြဘူး။ မတက်ရဲကြတော့ ၁၀၀ ကျော်ကျော်ပဲတက်တယ်။ အဲ့ဒါ သူတို့က ပညာရေး နဲ့ နိုင်ငံရေး မတူဘူး။ ဘားမှ မဖြစ်ဘူး။ မတက်လို့လည်းမရဘူး။ လက်နက်အားကိုးနဲ့လေး။ ဒီမှာက ဘယ်သူမှ မတက်ချင် ကြဘူး။” ဟု ၎င်းဒေသခံက ဖြည့်စွက်ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ ခေါ်ယူ တွေ့ဆုံမှုတွင် ဒေသခံ ကျေးရွာသားများကိုလည်း ကျောင်းလုံခြုံ ရေးအတွက် တစ်ညလျင် ၂ဦးခန့် ကင်းစောင့်ခိုင်းပြီး လူစိမ်းများကိုလည်း အဝင်မခံကာ လူစိမ်းတွေ့ရှိပါက ဆက်သွယ်ရန် ပြောဆိုခဲ့သည်ဟု ဒေသခံများကပြောသည်။

အဆိုပါ ဝဲပျံကျေးရွာတွင် စစ်ကောင်စီ ထောက်ခံအားပေးသူ(ဒလန်)များစွာရှိနေသောကြောင့် စစ်ကောင်စီကို ထောက်ခံအားပေးမှုမရှိသည့် ဒေသခံများအနေ ဖြင့်လည်း ဘဝ လုံခြုံမှုမရှိကြသလို NLD ထောက်ခံအားပေးသူ များမှာလည်း ခြိမ်းခြောက်ပြောဆိုမှုများခံနေရကြောင်း ဒေသခံများထံမှသိရသည်။

၎င်း ဖားအံမြို့နယ် ၊ ဝဲပျံကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၁) နယ်မြေထဲတွင်လည်း ပါဝင်နေပြီး လက်ရှိတွင် KNU အနေဖြင့်လည်း ၎င်းခြိမ်းခြောက်ခံရမှုရှိနေသည့် ဒေသခံများအတွက် တစ်စုံ တစ်ရာ ကူညီဆောင်ရွက်ပေးနိုင်ခြင်းမျိုး မရှိကြောင်းနှင့် အဆိုပါ လာရောက်ခြိမ်းခြောက်ပြောဆိုသည့် BGF တပ်ရင်း နှင့်တာဝန်ရှိသူကိုလည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here