လူသားမျိုးနွှယ်စုတွေအပေါ် ရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအပေါ် နိုင်ငံတကာအစိုးရတွေအနေနဲ့ ဖိအားပေးဖို့လိုကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ပြောဆို

0
254

၈ ဇွန် ၂၀၂၁

မြန်မာနိုင်ငံရှိ ပြည်သူလူထုများဟာ အခြေအနေအမျိုးမျိုးကြောင့် ခုခံကာကွယ်တဲ့အဆင့်သာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီလို မထိမဲ့မြင် တရားမဲ့ တိုက်နေတာမဟုတ်တဲ့အတွက် နိုင်ငံတကာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်တွေကို လိုက်နာဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗဟန်းထန် က တိုက်တွန်းထားပါတယ်။

“စစ်ကောင်စီလိုမျိုး မထိမဲ့မြင် တရားမဲ့ လက်လုလုပ်နေတာ မဟုတ်ဘူး။ ကျတော်တို့အားလုံးက ဒီအခြေအနေအမျိုးမျိုးကြောင့် ခုခံကာကွယ်တဲ့အဆင့်သာရှိတယ်ဆိုတာ ပြသဖို့လိုတယ်။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ စစ်ပိုင်းဆိုင်ရာကျင့်ဝတ်တွေ အဲဒါလည်း သေသေချာချာလိုက်နာကြဖို့ အထူးတိုက်တွန်းချင်တယ်ပေါ့နော။ ကိုယ့်ရဲ့ယုံကြည်ရာအတိုင်း ဆက်လက်တိုက်ပွဲဝင်ပါ အားတင်းထားပါ။ ကျတော်တို့အားလုံးက ဘက်ပေါင်းစုံကနေ ဝိုင်းပြီးတော့ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားဖို့ အားလုံးကြိုးစားကြမှာပေါ့နော။ အဓိက မှာချင်တာကတော့ စိတ်ထဲမှာရှိတဲ့ ခံယူချက်နဲ့ယုံကြည်ချက်ကို ခိုင်ခိုင်မာမာစွဲကိုင်ပြီးမှ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ပဲ တိုက်တွန်းချင်တာပေါ့နော။” လို့ ဗဟန်းထန်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်တဲ့ စစ်အခင်းအကျင်းရောက်နေတဲ့အတွက် နိုင်ငံတကာက သတ်မှတ်ထားတဲ့ စစ်စည်းမျဉ်းစည်းကမ်းတွေ စစ်ကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လေးစားလိုက်နာဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ မေလ ၂၁ရက်နေ့မှာ ဒီမော့ဆိုမြို့ ဒေါငံခါးတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရပ်ကွက်အတွင်း ကျူးကျော်ပစ်ခတ်တာကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) က ပြန်လည်ခုခံပစ်ခတ်တာကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ မေလ ၃၁ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီက ဒီးမော့ဆိုမြို့ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အပြင် ရဟတ်ယာဉ်ကိုပါ အသုံးပြုပြီး တိုက်ခိုက်လာတာကြောင့် ဒါတွေဟာ နိုင်ငံတကာ စစ်ရေးကျင့်ဝတ်ကို ဖောက်ဖျက်တာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုထားကြပါတယ်။

လက်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇဝတ်မှု ကျူးလွန်နေတာ ဖြစ်တဲ့အတွက် နိုင်ငံတကာ အစိုးရအနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီကို ဖိအားပေးဖို့လိုအပ်နေတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ရဲ့ Humanitarian Focal က ပြောပါတယ်။

“ နိုင်ငံတကာ အစိုးရအနေနဲ့ ဒီဟာကို အမြန်ဆုံး ဝင်ရောက်ပြီးတော့မှ စွက်ဖက်ပေးဖို့ လိုအပ်နေပြီလို့ မြင်တယ်။ အကယ်၍ သူတို့က မလုပ်ဘူးဆိုရင် ထိုင်ကြည့်နေမယ်ဆိုရင်တော့ ကျနော်ပြောနိုင်တာက သူတို့က လူသားမျိုးနွယ်စုကို သတ်ဖြတ်တဲ့နေရာမှာ၊ ရာဇဝတ်မှု ကျူးလွန်တဲ့နေရာမှာ သူတို့ကိုယ်တိုင်ကလည်း အားပေးအားမြောက်ပြုနေတယ်ဆိုတာကို ထောက်ပြပေးချင်ပါတယ်။”လို့ သူက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလမှာ အစိုးရဝန်ထမ်း ဘက်ပေါင်းစုံ ပြည်သူလူထုကနေ စစ်ကောင်စီကို အလိုမရှိတဲ့အကြောင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပေမယ့် စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်ခဲ့တာကြောင့် ရရာလက်နက်စွဲကိုင်ပြီး ပြန်လည်ခုခံတော်လှန်ရတဲ့ အခြေအနေ ရောက်ရှိသွားတာဖြစ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရရှိတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ ဗဟန်းထန်က ဆက်ပြောပါတယ်။

“အဲဒီအပေါ်မှာတော့ ဒီလိုမျိုး ပဋိပက္ခဖြစ်တဲ့အပေါ်မှာက လက်ရှိ စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့အခင်းအကျင်းဖြစ်တယ်ပေါ့နော။ အဲဒီအခါကျတော့ ကျတော်တို့ပြည်သူကလည်း ရရာလက်နက်စွဲကိုင်ပြီးတော့ တော်လှန်တဲ့အချိန်မှာ ကျတော်တို့ဖက်က အဓိက အားပေးစကားပြောချင်တာက ကိုယ့်ရဲ့ယုံကြည်ချက်အတိုင်း ခံယူချက်အတိုင်းဆက်လျှောက်ပါ ဆက်လက်တိုက်ပွဲဝင်ပါ” လို့ ဗဟန်းထန်က တိုက်တွန်းပြောဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ကနေ နေ့စဉ် လက်နက်ကြီးတွေနဲ့ ဒီမော့ဆိုမြို့ကို ပစ်ခတ်နေတာဖြစ်ပြီး လက်ရှိမှာ လွိုင်ကော်-ဒီမော့ဆိုမြို့ လမ်းမကြီးတစ်လျှောက် ကျေးရွာ၊ရပ်ကွက်တွေမှာ စစ်ကောင်စီက တပ်စွဲထားပြီးဖြစ်သလို ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လက်နက်ကြီးထိမှန်မှုကြောင့် ပျက်ဆီးမှုတွေလည်း အများအပြားရှိလာပြီလို့ ဒေသခံဆီကနေ သိရပါတယ်။

ဒီမော့ဆိုမြို့ နယ်အတွင်းမှာဖြစ်တဲ့ တိုက်ပွဲဟာ နှစ်ပတ်ကျော်ကြာမြှင့်လာပြီဖြစ်ပြီး တတ်နိုင်သလောက် စစ်အာဏာရှင်ကို တိုက်ထုတ်တဲ့အခါ ဆက်လက်ပြီး ပြည်သူလူထုအနေနဲ့ ပြည်သူ့ကာကွယ်တပ်( PDF) ကို ကူညီပံ့ပိုးဝန်းရံပေးဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးမှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“တတ်နိုင်သလောက် ဆက်လက်ပြီးတော့ ကူညီဖို့ ပံ့ပိုးကြဖို့ ဝန်းရံကြဖို့ပေါ့လေ အဓိကတော့ ဒီစစ်အာဏာရှင်ကိုတိုက်ထုတ်တဲ့နေရာမှာတော့ ကျတော်တို့နဲ့ ပြည်သူနဲ့ကတော့ သွားပြီးတော့ ကွဲနေလို့မရဘူးပေါ့လေ။ ကျတော်တို့လည်း တတ်နိုင်သလောက်လုပ်မယ် ပြည်သူကလည်း တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးမယ်ဆိုရင်တော့ သိပ်မကြာခင် ဒီစစ်ကောင်စီကို ကျတော်တို့အနိုင်ရမှာပါ။” လို့ KNDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်နဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ကနေ နေ့စဉ် လက်နက်ကြီး၊ အမြှောက်တွေနဲ့ ပစ်ခတ်မှုကြောင့် ကတ်သလစ်ဘုရားကျောင်းအပါအဝင် နေအိမ်အများအပြား ပျက်ဆီးခဲ့ရပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်တဲ့ စစ်ဘေးရှောင် ၁သိန်းဝန်းကျင်ရှိနေပြီး ၎င်းတို့အတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ရေ၊ အသုံးအဆောင် ပစ္စည်းတွေ လိုအပ်နေဆဲဖြစ်ပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here