ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအား အာဏာသိမ်းစစ်ကောင်စီဘက်က ရုတ်တရက်ပိတ်ချခြင်းကြောင့် နေရပ်ပြန်မြန်မာအလုပ်သမား ၄၀၀နီးပါး ပိတ်မိနေ

0
164

ဇွန် ၂ရက်၊ ၂၀၂၁ခုနှစ်

ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားကို မြန်မာဘက်ခြမ်းမှ ရုတ်တရက် ပိတ်ချလိုက်ခြင်းကြောင့် နေရပ်ပြန် မြန်မာအလုပ်သမား ၄၀၀ နီးပါး ပိတ်မိသွားကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက အတည်ပြုပြောဆိုသည်။

မြန်မာဘက်ခြမ်းမှ ကိုဗစ်အကြောင်းပြချက်ဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို ၁၄ ရက်တာ ပိတ်ထားမည် ဖြစ်သောကြောင့် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ နေရပ်ပြန်လာကြသည့် မြန်မာအလုပ်သမား ၃၉၄ဦးမှာ ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ တံတားပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးအနီးဝန်းကျင်များတွင် သောင်တင်၍ ဒုက္ခရောက်နေကြ ကြောင်း ကိုရဲမင်းက ယခုလိုပြောသည်။

၎င်းက “ရုတ်တရက် တံတားက ၁၄ရက်ဆိုပြီး ကောက်ပိတ်လိုက်တော့ ဟိုးဘက်မှာ ထိုင်း-မြန်မာ နယ်စပ် တောမောင်း(လဝက) ရုံးတွေမှာ သောင်တင်နေတဲ့ သူတွေ အကုန်လုံး ဒုက္ခရောက်သွားတာပေါ့။ အပေါ်ကနေ လူတွေ ပို့ချလာတယ်။ ဒီမှာက တစ်ရက်ကြားတစ်ခါပို့ရင် နှစ်ရာပဲ ပို့ရတဲ့အတွက် လူတွေက ထပ်ပုံနေရော။ ကြားထဲမှာ လူလေး သုံး လေး ရာကို မြန်မာဘက်ခြမ်းက လက်ခံလို့ရရဲ့သားနဲ့ ရုတ်တရက် ပိတ်ချလိုက်တော့ ထိုင်းဘက်ခြမ်းမှာ အကုန်သောင်တင်ကုန်တာပေါ့။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်အာဏာရှင်အနေဖြင့် တိုင်းပြည်၏ အုပ်ချုပ်ရေးကို နားမလည်သလို ပြည်တော်ပြန် အခြေခံလူတန်း စား မြန်မာအလုပ်သမားများ၏ အခြေအနေများကိုလည်း နားမလည်ဘဲ ယခုလို မိမိ စိတ်ကြိုက် ဆုံးဖြတ်လုပ် ဆောင်မှု ကြောင့် အလုပ်သမားများ ဒုက္ခရောက်ရခြင်းဖြစ်သည်ဟုလည်း ကိုရဲမင်းက ဆက်ပြောသည်။

လက်ရှိ သောင်တင် ပိတ်မိနေသည့် မြန်မာအလုပ်သမားများအနေဖြင့် နေစရာနေရာ အမိုးအကာ နှင့် ရေချိုးခန်း အိမ်သာမရှိဘဲ ဒုက္ခရောက်စွာနေကြရသလို အဆိုပါ နေရပ်ပြန် အလုပ်သမားများတွင်လည်း မွေးကင်းစ ကလေးငယ်များ နှင့် နာမကျန်းဖြစ်နေသူများပါဝင်နေကြောင်းလည်း AAC မဟာမိတ်အဖွဲ့က ပြောသည်။

လတ်တလောတွင် ထိုင်းနိုင်ငံအတွင်း ကိုဗစ် ပိုးတွေ့လူနာ မြှင့်တက်လာခြင်းကြောင့် နယ်ကျော် ဖြတ်သန်းသွား လာမှုများကို ကန့်သတ်ထားသော်လည်း မြန်မာပွဲစားများမှ သံရုံးထောက်ခံစာဖြင့် ပြန်နိုင်ကြောင်း ငွေကြေး အဆမတန် တောင်းခံ၍ မြန်မာ အလုပ်သမားများကို လိမ်လည်ခေါ်ယူခံရသည့် ပုံစံများလည်း ရှိနေကြောင်း ကိုရဲမင်းက သတိပေး ပြောဆိုထားသည်။

၎င်းက “အခုလို ခေတ်ပျက်ကြီးမှာ လုပ်စားကြတဲ့ ပွဲစားတွေက မြန်မာသံရုံးထောက်ခံစာရမယ်၊ မြန်မာသံရုံး ထောက်ခံစာ ကို ဘတ် ၂၅၀၀ နဲ့ ၃၀၀၀လောက်အထိ ကောက်ပြီးတော့ မြန်မာသံရုံး ထောက်ခံစာပါရင် ပြန်လို့ရ တယ်ဆိုပြီး တော့ မက်လုံးတွေပေးပြီး လိုက်လိမ်တယ်။ ပြီးရင် အိမ်ပြန်ကားခတွေကို လဝက အဖမ်းပုံစံနဲ့ပြန်ရင် အနည်းဆုံး က ၂၅၀၀ပဲရှိတာကို ၅ထောင် ၆ထောင် ၇ထောင်လောက်တွေ ယူပြီးတော့ အနည်းဆုံး အလုပ်သမား တစ်ယောက် ဘတ်တစ်သောင်းကျော်လောက်ပေးပြီး ပြန်လာရတာ။ မြန်မာသုံရုံး ထောက်ခံစာဆိုတာကလည်း လိမ်ထားတာ။ သံရုံးထောက်ခံစားနဲ့ ပြန်လို့ မရဘူး”ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိ နေရပ်ပြန်လာကြသည့် မြန်မာအလုပ်သမားများသည်လည်း နေထိုင်ခွင့် လက်မှတ် နှင့် အလုပ်သမား လက်မှတ်များအပြည့်အစုံရှိနေသော်လည်း အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသည့် ပုံစံဖြင့် ထိုင်းလဝက ကိုငွေကြေး ပေး၍ ပြန်ကြရသည့် ပုံစံဖြစ်ကြောင်းလည်း AAC မဟာမိတ်အဖွဲ့က ဆိုသည်။

ထိုသို့ သံရုံး၏ ထောက်ခံစာကို အကြောင်းပြ၍ လိုက်လံ ငွေကြေး ရယူနေသည့် ပွဲစားများကိုလည်း AAC မဟာမိတ် အဖွဲ့မှ အလုပ်သမားများ၏ တိုင်ကြားထားမှုအရ သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် အမှုဖွင့် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း AAC မဟာမိတ်အဖွဲ့က ပြောဆိုထားသည်။

KIC – ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here