မူဆယ်နှင့် ကွတ်ခိုင်အကြား နမ့်ဖမ်ကာကျေးရွာရှိ အာဏာသိမ်းစစ်တပ် စခန်းများအား မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က တိုက်ခိုက်၊ အရာရှိတစ်ဦးအပါအဝင် ၁၁ ဦးကျဆုံး

0
262

၁ ဇွန် ၂၀၂၁

ရှမ်းပြည်နယ်၊ မြောက်ပိုင်းက မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်ကြားက နမ့်ဖက်ကာကျေးရွာတွင် အာဏာသိမ်းစစ် တပ်၏ စခန်းအချို့ကို ညီနောင်မဟာမိတ်အဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် လက်နက်များ လည်း သိမ်းဆည်းရမိခဲ့သည်ဟု ကိုးကန့်သတင်းဌာနက ရေးသားထားသည်။

မေလ ၃၁ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီခွဲ အချိန်ခန့်ကစတင်ပြီး နမ့်ဖက်ကာကျေးရွာထဲတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဟုတ်တတ်ဗျ၊ တိုက်ပွဲဖြစ်တာ တော်တော်ပြင်းထန်တယ်၊ ကျနော်တို့ နမ့်ဖက်ကာက EPC ရုံးဝန်းထဲက တပ်ကို လည်း ဝင်တိုက်တယ်။ မနက် ၁၂ နာရီကျော်ကျော်လောက်နေဖြစ်တာ မနက် ၄ နာရီလောက်မှ သေနတ်သံတွေ တိတ်သွားတယ်ဗျ။ သေတယ်ဆိုတာလည်း ဟုတ်တယ်ဗျ။ EPC ရုံးဝန်းထဲက စစ်သားတွေ သေတာ။ ၁၀ ယောက်လား ၁၁ ယောက်မသိဘူး။ နောက်ပြီး EPC ရုံးအစောင့် အဖိုးကြီးတစ်ယောက်လည်း သေတယ်လို့ ပြောတယ်။ သူကတော့ အရပ်သားပေါ့နော်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း ဒေသခံအမျိုးသမီးတစ်ဦးလည်း လက်မောင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု နမ့်ဖက် ကာ ဒေသခံများက ပြောသည်။

တိုက်ပွဲနှင့် ပတ်သက်၍ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က “ဟုတ်ကဲ့ ကျနော်တို့ သတင်းပေါ်မှာပဲ တွေ့ရသေးတယ်။ ကျနော်တို့ လူတွေနဲ့ မနက်ကတည်းက ဖုန်းခေါ်တယ် အဆက်အသွယ်မရသေးဘူး။ ဖုန်းက တစ်ယောက်မှ ခေါ်လို့မရသေး ဘူး။ ဖုန်းမရသေးတော့ အတည်ပြုလို့တော့ မရသေးဘူး။ ဖုန်းတွေက ခေါ်မရသေးဘူး။ ကျနော်တို့လည်း လိုင်း ပေါ်က သတင်းတွေပဲ ဖတ်ရသေးတယ်” ဟု ပြောသည်။

သို့သော် The Kokang လူမှုကွန်ရက်စာမျက်နှာတွင် ဗမာစစ်တပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ အဆို ပါတိုက်ပွဲတွင် လက်နက်များနှင့်အတူ မူးယစ်ဆေးဝါးအနည်းငယ်ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ရေးသားထား သည်။

MNDAA-ကိုးကန့် တပ်ဖွဲ့၏ တပ်မဟာ ၅၁၁ နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား ကွတ်ခိုင်မြို့နယ် နမ့် ဖက်ကာတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု The Kokang လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထား ပြီး၊ သိမ်းဆည်းရမိသည့် လက်နက်များ၏ ဓါတ်ပုံကိုလည်း တွဲတင်ထားသည်။

The Kokang က Facebook စာမျက်နှာတွင် “ရက္ခိုင်တပ်၊ ကိုးကန့်တပ်များနှင့် ဗမာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်သားများ၏ အလောင်းများကိုတွေ့ရှိခဲ့ရကြောင်း၊ လက်နက်များနှင့် စစ်ပစ္စည်း များကိုလည်း သိမ်းဆည်းရမိထားကြောင်း၊ ဒုတပ်ရင်းမှူးတစ်ဦးရဲ့ အလောင်းကိုလည်း တွေ့ရှိရကြောင်းနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများထဲတွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးသုံးစွဲ သည့် ကိရိယာအချို့ကိုလည်း သိမ်းဆည်းရမိသည်” ဟု ရေးသားထားသည်။

မေလ ၃၀ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်နှင့် သိန္နီမြို့နယ်ကြားတွင် စစ်ကောင်စီတပ်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/MNDAA-ကိုးကန့်) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ညီနောင်မဟာမဟာမိတ်အဖွဲ့တွင် ကိုးကန့်(NMDAA)၊ တအန်း (TNLA) နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ပါဝင် သည်။

NMG – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here