ကရင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအတွက် ထိုင်းစစ်တပ်မှ ရိက္ခာ ပို့ဆောင်ပေးနေကြောင်း KNU ထုတ်ပြန်

0
115

မေလ ၃၁ ရက်၊ ၂၀၂၁ခုနှစ်

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) နယ်မြေအတွင်း ရိက္ခာ ဖြတ်တောက်ခံထားရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ထိုင်းစစ်တပ်မှ ရိက္ခာ ကူညီပို့ဆောင်ပေးမှု ပြုလုပ်ပေးခဲ့သည်ဟု KNU ၏ ပြန်ကြားရေး သူးလေသတင်းစဉ်၌ မေလ ၃၀ရက်နေ့ ညက ထုတ်ပြန်ထားသည်။

ယခုလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ထိုင်းစစ်တပ်မှ ၎င်းတို့ နယ်ခြားစစ်သုံး စက်လှေ ၄စီး နှင့် အရပ်သား သုံး Honda စက်တပ်ရေယာဉ် ၁ စီးကိုအသုံးပြု၍ စစ်ကောင်စီ၏ ရီးကြာထာစခန်းမှ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ ကော်လူဒဲ ကျေးရွာအုပ်စုရှိ လယ်စေး(စောထော)အထိ စစ်ကောင်စီ စခန်းများသို့ ရိက္ခာ ကူညီပို့ဆောင်ခဲ့သည်ဟု KNU က ဆိုသည်။

KNU တပ်မဟာ(၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က “အောက်က ပို့လာတဲ့ သတင်းအရ စစ်ကောင် စီတပ်က ပို့လာတဲ့ ရိက္ခာတွေကို ထိုင်းနယ်ခြားတပ်က ကူပို့ပေး တယ်လို့ပြောတယ်။ စစ်လှေအမဲ ၄စီး နဲ့က ၉ ခေါက်လောက်ပို့ပြီးတော့ Honda စက်တပ်လှေ တစ်စီးနဲ့ကြတော့ ၈ခေါက်လောက်ပို့ပေးတယ်။ ရီးကြာထာမှာတစ်နေရာ နဲ့ လယ်စေးမှာရှိတဲ့ စစ်ကောင်စီစခန်းမှာတစ်နေရာပို့ ပေးတယ်။ သူတို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးအရ ပို့ပေးတဲ့ သဘောလား ဘာလားတော့ မသိဘူး။” ဟု ကေအိုင်စီ သို့အတည်ပြုပြောဆိုသည်။

ထို့အပြင် လက်ရှိ စစ်ကောင်စီ တပ်များကို ရိက္ခာဖြတ်တောက်ထားခြင်းမှာလည်း ဒေသခံ ပြည်သူလူထုများ အပေါ် စစ်ကောင်စီတပ်၏ ဖိနှိပ် အနိုင်ကျင့်မှုကို ဟန့်တားရန်အတွက်ဖြစ်ပြီး ထိုင်းစစ်တပ်အနေဖြင့်လည်း အရပ်သား ပြည်သူလူထုများ၏ ထိခိုက်နစ်နာမှုများအပေါ် စာနာ ထောက်ထားရန် လိုအပ်ပြီး စစ်ကောင်စီတပ် ဖွဲ့ဝင်များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးအားမြောက်မပြုလုပ်သင့်ကြောင်းလည်း ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်ပြောသည်။

ထိုင်းစစ်တပ်မှ ၅ ရက်တာအတွင်း အဆိုပါ စစ်သုံး စက်လေ ၄ စီးဖြင့် ၉ ခေါက် နှင့် စက်တပ်ရေယာဉ် ၁ စီးဖြင့် ၈ ခေါက် စုစုပေါင်း ၁၇ ခေါက် ပို့ဆောင်ပေးခဲ့သော်လည်း လတ်တလော စစ်ဘေးရှောင်နေရသည့် ဒေသခံ အရပ်သား ပြည်သူများအတွက် လူနာချင်းစာနာထောက်ထားမှု အကူအညီများကိုမူ ဒေသတွင်း ထိုင်း အာဏာ ပိုင်များက ကန့်သတ် ပိတ်ပင်မှုများပြုခဲ့သေးသည်။

အလားတူ စစ်ကောင်စီ တပ်မှ ပြီးခဲ့သည့် မတ်လအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိုင်းနိုင် ငံ ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ကရင်စစ်ဘေးရှောင်များကို ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပြန်လည် မောင်းထုတ်ခဲ့ ခြင်းမျိုးလည်း ပြုလုပ်ခဲ့သေးပြီး လိုအပ်သည့် လူသားချင်း စာနာမှု အကူအညီများ လည်း ပေးအပ်ခဲ့ခြင်းမျိုး မပြုခဲ့ကြောင်း စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက်မှုပေးနေသည့် အရပ်ဖက် အဖွဲ့အစည်းများက ဆိုခဲ့ဖူးသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ခေးပူဒေသဘက်သို့ ရိက္ခာတင်ပို့မှုများပြုလုပ်ရာတွင် တမေထာဒေသ အထိရောက်ရှိလာသောကြောင့် နံနက် ၈နာရီ မိနစ်၄၀ခန့် အချိန်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁ )နှင့် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည်။

တစ်ချိန်တည်းမှာပင် ကြော့ခယ်ကြိုး တပ်စခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သည် ကြော့ခယ်ကြိုးကျေး ရွာအတွင်းသို့ လက်နက်ကြီး ၂ လုံးနှင့် မောကို ၊ ကော်ထယ်ဒဲ ကျေးရွာဘက်သို့ လက်နက်ကြီး ၂ လုံး ပစ်ချခဲ့ သေးကြောင်း KNU၏ သူးလေသတင်းစဉ်က ထုတ်ပြန်ထားသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here