ဖားကန့်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်အား သွားရောက်ပစ်ခတ်ရာ ကင်းစောင့် တပ်ရင်း ၂၉၇ က ပြန်လည်ပစ်ခတ်သဖြင့် KIA တပ်ဖွဲ့ဝင် ၄ဦး ကျဆုံးခဲ့

0
147

မေလ ၂၇ ရက်။ ၂၀၂၁ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်က ပစ်ခတ်မှုအတွင်း လေးဦး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် မေလ ၂၇ရက် နံနက်ပိုင်းမှ စတင်၍ ကျေးရွာအတွင်း လုံခြုံရေး တင်း ကြပ် ထားသည် ဟု ဒေသခံများက ပြောသည်။

မေလ ၂၅ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှုတွင် လာရောက်ပစ်ခတ်သည့် သူများထဲမှ ၄ ဦး သေဆုံးပြီး၊ ရွှေတူးဖော်ရေး လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရှဒူး ဇွပ်ကျေးရွာက ဒေသခံတစ်ဦး က ပြောသည်။

“ဒီ KIA တပ်မဟာ ၂ ကလို့ ပြောတယ်။ ၇ ယောက် လာတယ်၊ ပြည်သူ့စစ်ခေါင်းဆောင်ကို သူ့အိမ်ထဲမှာ ရှိတယ်ဆိုပြီး လာပစ်တာတဲ့။ လာပစ်တော့ သူတို့ရောက်ခါနီးတာနဲ့ ကင်းစောင့်နေတဲ့ ၂၉၇ တပ်ရင်းက သူတို့လာတဲ့အဖွဲ့တွေကို တစ်ခါတည်း ပြန်ပစ်ကြတာ။ အဲ့မှာ KIA စစ်သား လေးယောက်က တခါတည်း သေသွားရော။ ပြည်သူ့ခေါင်းဆောင် ထိမထိတော့ ဘာမှမကြားရဘူး။ ထိရင်တော့ သတင်းထွက်မှာ အခုဘာသံမှ မကြားရဘူး။ ဒါပေမယ့် အဲ့ မှာ ရွှေလုပ်တဲ့ လောပန်းတစ်ယောက်တော့ ရှပ်ထိသွားတယ်။ ဒီမှာက ရွှေကျင်တဲ့ ရွှေမှော်တွေရှိတယ်။ အဲ့ဒါသူ က အဲ့အိမ်ကို ရောက်နေတယ်လို့ ပြောတယ်။”

သေဆုံးသူ ၄ ဦးမှာ KIA က ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေသော်လည်း KIO/KIA ထံမှာ သီးခြား အတည် ပြုချက် မရရှိသေးပေ။ အခြေအနေသိရှိနိုင်ရေး ဖုန်းဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့်ပြန်ကြား ရေးဌာနကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

သေဆုံးသူများ၏ ရုပ်အလောင်းများကို ကားမိုင်းရဲစခန်းကို သယ်သွားသည်ဟု ဒေသခံတစ်ဦး က ဆက် ပြော သည်။

“ကျနော်ကြားသလောက်ကတော့ ကားမိုင်းရဲစခန်းကို သယ်သွားတယ်လို့ ကြားတယ်။ အဲ့ဒီပစ်ခတ်တဲ့ညမှာပဲ။
ပစ်ခတ်တဲ့ ညနေဆို စျေးထဲမှာရော လိုက်ပစ်တယ်၊ ရွာထဲမှာလည်း သေနတ်တွေနဲ့ လိုက်ပစ်တယ်။ လမ်းတွေ ပိတ်တယ် လမ်းသွားလမ်းလာတွေကို စစ်ဆေးတယ်။ အဲ့လိုမျိုးတွေလုပ်တယ်။ ဒီနေ့ဆို ရွာမှာ လုံခြုံရေး တင်း ကြပ်တယ်။ ရွာအဝင်မှာရှိတဲ့ ဂိတ်မှာ ဒီရွာက မဟုတ်ရင် စစ်ပြီး ဘယ်သူ့ကိုမှ မဝင်ခိုင်ဘူး ဟုတ်တယ်။”

ဒေသခံတစ်ဦးကလည်း “ပြည်သူ့စစ်ဆိုတာက စစ်တပ်ဘက်ကနေ ညာလက်ရုံးပဲလေ။ စစ်တပ်က ခိုင်းစားလို့ ရ တဲ့အဖွဲ့ပဲလေ။ အဲ့ဒီ ၂၉၇ တပ်ရင်းရဲ့ လက်ထောက်ပဲလေ။ ဒေသခံတွေက ဘယ်သူမှ မကြိုက်ဘူး။ အခု KIA စစ် သားတွေ သေတယ် ကြားတော့ ပြည်သူတွေက စိတ်မကောင်းကြဘူး” ဟု ပြောသည်။

ရှဒူးဇွပ်ကျေးရွာ အဝင်ရှိ မိုးကောင်းချောင်း သံပေါင်တံတားတွင် ယနေ့နံနက်ပိုင်းမှ စတင်၍ စစ်ကောင်စီတပ်က ကားနှစ်စီးဖြင့် စစ်သားများ လာရောက်ချထားပြီး ရွာအဝင်အထွက်များကို စစ်ဆေးနေသည်ဟု ရှဒူးဇွပ်ဒေသခံ များက ပြောသည်။

ရှဒူးဇွပ်ကျေးရွာတွင် ယခုခါ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ချင်သူများအနေဖြင့် ဒေသအခြေစိုက် အာဏာ သိမ်းစစ်ကောင်စီ၏ တပ်၊ ဒေသအတွင်းရှိ ပြည်သူ့စစ်အဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းကာ အခွန်များ ပေးဆောင်ပြီး ၎င်းတို့၏ ခွင့်ပြုမိန့်ရပါက လုပ်ငန်း လုပ်ကိုင်ရသည်ဟု ဒေသခံများက ပြောသည်။

ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးမင်းသန့်ဇင်၏ နေအိမ်အား အရပ်ဝတ် ဝတ်ဆင်ထားသည့် သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ၊ ၎င်း၏နေအိမ် အပေါက်ဝတွင် ကင်းစောင့်ပေးနေသည့် စစ်ကောင်စီတပ်ရင်း ၂၉၇ က စစ်သားများက ပြန်လည်ပစ်ကူခဲ့ခြင်း ဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here