အရပ်ဝတ်ဖြင့် စစ်ဘေးဒုက္ခသည်ဟန်ဆောင်ပြီး အာဏာသိမ်းစစ်တပ် တိုက်ခိုက်မှုကြောင့် မင်းတပ် – CDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

0
148

၂၂ မေ ၂၀၂၁

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တာလပတ်များခြုံ၍ အရပ်ဝတ်များဝတ်ဆင်ကာ စစ်ဘေးဒုက္ခသည် ယောင်ဆောင်ပြီး မေလ ၂၁ ရက်နေ့မွန်းလွဲပိုင်း ၂ နာရီခန့်က မင်းတပ်မြို့နယ် ဘူးကွန်းကျေးရွာအနီးတွင် မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Mindat-CDF) ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် Mindat-CDF ဘက်မှ တစ်ဦးကျဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ စစ်သားတွေက တာလပတ်တွေခြုံထားတယ်၊ အရပ်ဝတ်နဲ့သေနတ်တွေနဲ့လာတယ်၊ တာလပတ်တွေခြုံထားတော့ ကျနော်တို့ဘက်က ကင်းသမားတွေက သတို့ကိုဒုက္ခတွေမှတ်နေတာ အနီးကပ်ရောက်တော့မှ ပစ်ခတ်တိုက်ခိုက်တာ ခံရတယ်၊ အဲဒီမှာတိုက်ပွဲဖြစ်တယ် လက်နက်ကြီးတွေသုံးတယ် မိုးရွာနေတော့ ကျနော်တို့ဘက်က နည်းနည်းလေး အခက်အခဲဖြစ်တယ် တူမီးသေနတ်တွေက အခက်အခဲပြသာနာဖြစ်တယ် အဲလိုမျိူးဆိုတော့ မနေ့ကတိုက်ပွဲမှာ ကျနော်တို့ ဘက်က တစ်ယောက်တော့ကျသွားတယ် ၉ ယောက်လောက်ဒဏ်ရာရသူရှိတယ်၊ သူတို့ဘက်ကတော့ ၃ ဦးလောက်ကျ တယ်’’ ဟု Mindat-CDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ အင်အား ၁၀၀ နာပါးခန့်ရှိပြီး မွန်းလွဲပိုင်း ၂ နာရီခန့်မှ ညနေပိုင်း ၆ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း၎င်းကဆက်ပြောသည်။

ယနေ့မေလ ၂၂ ရက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီက ဘူးကွန်းကျေးရွာဘက်သို့ စစ်အင်အားထပ်မံဖြည့်တင်းလာ ပြီး မင်းတပ်မြို့၏ အရှေ့မြောက်ဘက်ခြမ်း ထင်ချောင်းအပေါ်နား တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော် တက်လာသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာဖွယ်ရှိကြောင်း သိရသည်။

ဘူးကွန်းကျေးရွာသည် မင်းတပ်နှင့် ကန်ပက်လက်မြို့အကြား ချီချောင်းဒေသတွင် တည်ရှိသည့်ကျေးရွာဖြစ်ပြီး ဘူးကွန်းရွာ အနီး မတပ်ရွာတွင် စစ်ဘေးရှောင်စခန်းရှိသည်ဟု သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here