ယခုလအတွင်း အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲ (၆)ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်

0
86

၂၂ မေ ၂၀၂၁

တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား မေလအတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ပြောသည်။

မေလ ၄ ရက်နေ့မှ ၈ ရက်အထိ ကွတ်ခိုင်မြို့နယ်အတွင်းတွင် ၅ ကြိမ်နှင့် မေလ ၂၀ ရက်နေ့က နမ့်ဆန်မြို့ နယ်ထဲ တွင် တစ်ကြိမ် စုစုပေါင်း ၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က သတင်းထုတ်ပြန်ထားသည်။

မေလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က “တိုက်ပွဲက ၂၀ ရက်နေ့မှာ ဖြစ်တယ်။ ဖြစ်တဲ့နေရာကတော့ နမ့်ဆန်မြို့နယ်ရဲ့ အရှေ့ဖက် ၁၃ မိုင်လောက်ရှိ မှာ ပေါ့။ အဲကနေ ကျနော်တို့ လမ်းဖက်ကနေဖြတ်ပြီးမှ လွယ်ဆိုင်ကနေဆင်းလာတဲ့ စစ်တပ်နဲ့ တိုးပြီးတော့ တိုက်ပွဲ ဖြစ်ပွားတာ ဖြစ်တယ်။ အချိန်ကတော့ မနက် ၁၀ နာရီ ကိုးနာရီ မတ်တင်းလောက်ဖြစ်တယ်။ တိုက်ပွဲကတော့ မိနစ်ပိုင်းလောက်ပဲဖြစ်တယ်” ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် စစ်ကောင်စီဖက်မှ ယခင်ကအတိုင်း တပ်အင်အား တိုးချဲ့မှုများ ရှိနေသည်ဟု ဆက်ပြောသည်။

ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က “တပ်အင်အား တိုးချဲ့တာကတော့ တော်တော်လေးကြာပြီ အရင်က တည်းလည်း ဒီအတိုင်းပဲ ဘာမှလျှော့သွားတာ မရှိဘူး။ အာဏာမသိမ်းခင်လည်း ဒီလောက်ပဲ အာဏာသိမ်းပြီး နောက်မှာတော့ အင်အားနည်းနည်း ပြန်ဖြည့်တာ ရှိတယ်။ တပ်အပြောင်းအလဲတွေလည်းရှိတယ်။ အချိန်း အပြောင်းတွေတော့ ရှိတယ်။ အင်အားလျှော့သွားတာတော့ မရှိဘူး” ဟု ပြောသည်။

မေလ ၂၀ ရက်နေ့က နမ့်ဆန်မြို့နှင့် ၁၃ မိုင်ခန့်ဝေးသည့် မန်ကန်ကျေးရွာ နှင့် ဟိုခေတ်ကျေးရွာအကြားတွင် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ သကဲ့သို့ နမ့်ဆန်မြို့အတွင်းတွင်လည်း ထိုနေ့တွင် ဗုံးပေါက်ကွဲခဲ့သည့်အတွက် စစ်ကောင်စီမှ အရာရှိများအပါအဝင် ၅ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ သည်ဟု ကြားသိရကြောင်း ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ဆိုသည်။

၎င်းက “ဗုံးပေါက်ကွဲတာကတော့ ၂၀ ရက်နေ့ ည ကိုးနာရီလောက်က ဖြစ်တယ်။ ဘယ်အဖွဲ့ဆိုတော့ ကျနော်တို့ လည်း မသိဘူး။ ကျနော်တို့ မေးမြန်းရသလောက်ကတော့ အဲမှာက မိုင်းပေါက်ကွဲပြီးတော့မှ တပ်ဖက်က ဗိုလ်မှူးတစ်ဦး ရယ်၊ ဗိုလ်ကြီးတစ်ဦးရယ်၊ အခြားအဆင့် ၂ ဦးနဲ့ ရဲမှူးတစ်ဦးပါတယ်။ အားလုံးပေါင်း ၅ ဦးကျ တာပေါ့။ ၁၀ ဦးလောက်တော့ ဒဏ်ရာရတယ်။ မိုင်းပေါက်ကွဲလို့ အဲဒီနားမှာ ရပ်ထားတဲ့ အရပ်ဖက် ကား ၃ စီးလည်း မိုင်းစ ထိမှန်တာရှိတယ်။ အဲဒီအထက်မှာရှိတဲ့ ကျောင်းဆောင်လည်း မိုင်းစထိမှန်တာတွေရှိတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်မှ စစ်အာဏာသိမ်းပြီးနောက် ကချင်၊ကရင်၊ ကယား၊ ချင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့နှင့် တိုင်းဒေသကြီးများတွင်း စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ NUG က ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး တပ်များနှင့် စစ် ကောင်စီတို့ အကြားတွင်လည်း တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် မိန်းပါးကျေးရွာမှာ မေလ ၂၂ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင်လည်း စစ် ကောင်စီတပ်နှင့် ကိုးကန့်(MNDAA) တို့ အကြား တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး အသေးစိတ်ကို မသိရသေးဘူးဟု ဒေသခံများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here