၁၄ မေ ၂၀၂၁
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်( BGF)တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကြား မေလ ၁၃ရက်နေ့ ညနေပိုင်းက အချင်းချင်း မှားယွင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး BGFဘက်မှ တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် စစ်ကောင်စီ ဘက်မှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးသွားသည်ဟု KNU တပ်မဟာ (၅)ဘက်က အတည်ပြုပြောဆိုသည်။
BGF အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ ၏ လက်အောက်ခံ တပ်ရင်း(၁၀၁၃) တပ်ရင်း လက်အောက်ခံ တပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၄၀၈)တို့အကြား ယမန်နေ့ ညနေ ၃ နာရီကျော်တွင် KNU တပ်မဟာ(၅) နယ်မြေ ဒွဲလိုးမြို့နယ်အတွင်း၌ အပြန်အလှန် မှားယွင်းပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု KNU တပ်မဟာ(၅) ပြောခွင့်ရ ဒု ဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလိုပြောသည်။
“မနေ့ ညနေ ၃နာရီ မိနစ် ၅၀ လောက်မှာ ခမရ (၄၀၈) နဲ့ BGF (၁၀၁၃)က လူတွေနဲ့ အချင်းချင်း မှားပစ်ကြတာ။ မောလောကလိုး ကျေးရွာအနားမှာပဲဖြစ်တာ။ အဲ့လိုမှားပစ်ကြတဲ့အတွက် BGF ဘက်က ၁၂ယောက် ကျသွား တယ်။ စစ်ကောင်စီ ဘက်က ၃ယောက်ကျပြီးတော့ ဒေသခံ ရွာသား ၃ဦးပါ သေသွားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ယမန်နေ့ ညနေ ၃နာရီ ၂၃မိနစ်ခန့်တွင်လည်း KNU တပ်မဟာ (၅)၏ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်ရင်း( ၁၀၂) လက်အောက် တပ်ခွဲ(၃) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ ခြေမြန်တပ် ရင်း (ခမရ-၄၀၈)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၉)ဦးကျဆုံးကာ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ပြီး KNLA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်းလည်း ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ ကဆက်ပြောသည်။
လတ်တလောတွင် KNU တပ်မဟာ (၅) နယ်မြေအတွင်း စစ်ရေးပဋိပက္ခပြင်းထန်လျက်ရှိကာ ၎င်းနယ်မြေများသို့ BGF အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ မှ ရာနှင့်ချီသော ၎င်း လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ယခုလဆန်းပိုင်းလောက်က စေလွှတ်ထားပြီး KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၊ BGF ပူပေါင်း တပ်ဖွဲ့ဝင်များ အကြား ထိတွေ့ ပစ်ခတ်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။
အလားတူ KNU တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ခြေကုပ်စခန်းအချို့ မှာ စခန်းကို ဆုတ်ခွာပြီး အနီး အနားရှိ တပ်စခန်းကြီးများနှင့် သွားရောက်ပူးပေါင်းခဲ့ကြကြောင်းလည်း တပ်မဟာ (၅) တာဝန်ရှိသူများထံမှ သိရသည်။
ကေအိုင်စီ – ပေးပို့သည်။