ဟားခါးမြို့မှ ဖမ်းဆီးခံ Pu Tler Ling၏ ရုပ်အလောင်းအား မီးရှို့သဂြိုလ်လိုက်ပြီဖြစ်ကြောင်း မိသားဝင်များထံ အာဏာသိမ်းစစ်ကောင်စီ အသိပေး

0
275

၁၂ မေ ၂၀၂၁

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီမှ မေလ ၉ ရက်နေ့တွင် ဖမ်းဆီးပြီးနောက် သေဆုံးခဲ့သည့် Pu Tler Ling (၅၇)နှစ်အား ကလေးမြို့သို့ ဆေးကုသဖို့ ပို့ဆောင်ရာတွင် သေဆုံးခဲ့သဖြင့် ကလေးမြို့တွင်ပင် မီးရှို့သဂြိုလ်ခဲ့ကြောင်း စစ်ကောင်စီမှ မိသားစုဝင်များထံ အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

“စစ်တပ်ကနေပြီးတော့သူတို့စဖမ်းကတည်းက နေမကောင်းဘူး၊ စခန်းရောက်တော့လည်း မထနိုင်ဘူးလို့ပြောတယ်၊ ကလေးမှာ ကုပေးမယ်ဆို့ ပို့ပေးနေတုန်း လမ်းမှာဆုံးသွားလို့ ကလေးမှာဘဲ မီးရှို့လိုက်တယ်လို့ပြောတယ်၊ ဖမ်းတုန်းကတည်းက တောင်ဝှေးနဲ့ လမ်းလျှောက်တာလို့ သူတို့ပြောတယ်၊ တစ်ကယ်က တောင်ဝှေးလည်းတစ်ခါမှမသုံးဘူး အရမ်းကျန်းမာတာသူက၊ ကျနော်သိသလောက်က ကလေးကိုတောင်မခေါ်သွားလောက်ဘူး၊ သူ့အလောင်းလည်း ဟားခါးမှာဘဲရှိမှာ” ဟု မိသားစုဝင်တစ်ဦးကပြောသည်။

Pu Tler Ling မှာ လက်နက်ကိုင်လူငယ်အဖွဲ့များနဲ့ အဆက်သွယ်ရှိသည်ဟု သတင်းရရှိထားတာကြောင့် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီမှ အကြောင်းပြန်ခဲ့သော်လည်း အခြေအမြစ်မရှိ စွက်ဆွဲပြောဆိုချက်သာ ဖြစ်နိုင်ကြောင်း ဟားခါးမြို့ခံတစ်ချို့မှပြောသည်။

ထို့ပြင် Pu Tler Ling အား ဖမ်းဆီးခေါ်ဆောင်ချိန်တွင် အလွန်အကျူးရိုက်နှက်ခံခဲ့ရသဖြင့် လမ်းပင်မလျှောက်နိုင်ဘဲ စစ်ကားပေါ်သို့ စစ်သားအချို့မှ ထမ်းတင်ခဲ့ရသည်ကို မြင်တွေ့ခဲ့ရကြောင်း မျက်မြင်အချို့ထံမှ သိရသည်။

စစ်ကောင်စီ၏ ဖမ်းဆီးမှုကြောင့် သေဆုံးသွားခဲ့ရသည့် Pu Tler Ling မှာ မိသားစုဝင်များထံ အလောင်းပြန်မရောက်သဖြင့် မည်ကဲ့သို့ ဆက်လက်စီစဉ်မည်ကို ဆွေးနွေးတိုင်ပင်နေဆဲဖြစ်ကြောင်း သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here