ရှမ်းမြောက်ဒေသ အခြေစိုက် ရွှေဖီမြေသတင်းဌာနရုံးခန်း ဝင်ရောက်ရှာဖွေခံရ

0
141

၈ မေ ၂၀၂၁

ရှမ်းမြောက်အခြေဆိုက် သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေ သတင်းအေဂျင်စီရုံး အကြမ်းဖက်ဝင်ရောက် ရှာဖွေခံရသည်ဟု သတင်းဌာနက တာဝန်ရှိသူများ က ပြောသည်။

မေလ ၅ ရက်နေ့ ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြိုရှိ ရွှေဖီမြေ သတင်းအေဂျင်စီရုံးကို သော့ဖျက် က ဝင်ရောက်ရှာဖွေခဲ့သည်ဟု ပြောသည်။

ရွှေဖီမြေ သတင်းအေဂျင်စီ က အယ်ဒီတာ တစ်ဦး က “ဝင်းတံခါးသော့ကို သံဖြတ်စက်လိုဟာမျိုးနဲ့ပဲ သေချာ သုံး ပြီးတော့ ဖြတ်ပြီးတော့ ဝင်လိုက်တယ်။ နောက် အထဲက ရုံးခန်းကို ခတ်ထားတဲ့ သော့ကိုလည်း အဲ့အတိုင်းပဲ ဖြတ်ပြီးမှ ဝင်တယ်။ ပြီးရင် ရုံးခန်းထဲရယ် အိပ်ခန်းသုံးခန်းလုံးရယ်ကို အိပ်ယာခင်းတွေ၊ စောင်တွေ၊ အဝတ်အ စားထည့်တဲ့ ပုံးတွေ၊ အဝတ်အစားအိတ်တွေ အကုန်လုံးမွှေနှောက်သွားတယ်။ ရုံးမှာ ကျနော်တို့ ရွာတွေဘက် သွားရင် လှူဖို့ ရထားတဲ့ စောင်အသစ်တွေပေါ့နော် အဝတ်အစားတွေရယ်၊ Song Box တချို့တွေရယ် အဲ့ဒါတွေ အကုန်လုံးလည်းမွှေထားတယ်။ မွှေပြီးတော့ ဒီတိုင်းပဲ ပစ်ထားခဲ့တာပေါ့။ တွေ့မိသလောက်တော့ ပစ္စည်း ယူတာ မျိုးတော့ မတွေ့ရဘူး” ဟု ပြောသည်။

ရွှေဖီမြေ သတင်းအေဂျင်စီရုံး၏ ရုံးခြံဝင်းတံခါးနှင့် ရုံးခန်းတံခါးများတွင် သော့များခတ်ထားရာ အဆိုပါသော့များ အား သံဖြတ်သည့်စက်ကဲ့သို့အရာဖြင့် ဖြတ်ကာ ဝင်ရောက်ရှာဖွေမွှေနှောက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အဆိုပါ အယ်ဒီတာက ပြောသည်။

အနီးပတ်ဝန်းကျင်ကို မေးမြန်းရာတွင် ယမန်နေ့ ည ၁၀ နာရီ ဝန်းကျင်အထိ ရုံးပတ်ဝန်းကျင်တွင် တစ်စုံတစ်မရာ မတွေ့ရကြောင်း၊ ထို့ကြောင့် ယခုဖြစ်စဉ်မှာ ည ၁၀ နောက်ပိုင်း တွင် အကြမ်းဖက်ဝင်ရောက် ရှာဖွေခံရခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

“ကျနော်တို့လည်း အစောပိုင်းထင်တာ သူခိုးလားပေါ့။ တကယ်လို့ သူခိုးဆိုရင်တော့ အထဲမှာ ရောင်းစားလို့ရတဲ့ စောင်အသစ်တွေရှိတယ်။ နောက် Song Box အသစ် အလုံး ၂၀ ရှိတယ်။ ပန်ကာတို့ တခြားမီးဖိုချောင်သုံး ပစ္စည်းတွေ နောက်ဆန်တွေ ဘာတွေလည်း ရှိတယ်ဆိုတော့ အဲ့ဒါတွေ တစ်ခုမှ မယူသွားဘူးဆိုတော့ သူခိုးတော့ မဖြစ်နိုင်ဘူးလို့ မြင်မိတယ်ပေါ့နော်။”

ယခုကဲ့သို့ ရုံးသော့များကို ဖျက်ကာ ဝင်ရောက်မွှေနှောက်ရှာဖွေသွားသည့် မည်သည့်အဖွဲ့အစည်း ပုဂ္ဂိုလ်ဖြစ်စေ ထိုသို့ လုပ်ခြင်းအပေါ် ရွှေဖီမြေအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ပြောသည်။

“ပြီးခဲ့တဲ့ တရားဝင်အစိုးရလက်ထက်ကတည်းက ဒေသအခြေဆိုက် မီဒီယာတစ်ခုဖြစ်တယ်။ လူထုတွေ သိသင့် သိထိုက်တဲ့ သတင်းအချက်အလက်တွေကိုလည်း ဘက်မလိုက်ပဲနဲ့ တိတိကျကျရေးသားပေးနေတဲ့ သတင်း ဌာန တစ်ခုဖြစ်တယ်။ ကျနော်တို့ ဘာမှ ရာဇဝတ်မှုကျူးလွန်နေတဲ့ ပြစ်မှုကျူးလွန်နေတဲ့လူတွေ မဟုတ်ဘူး။ အခု လိုမျိုး ကျနော်တို့ နေရာကို ဝင်လုပ်တဲ့အပေါ်ကိုတော့ ကျနော်တို့အနေနဲ့ လုံးဝရှုတ်ချတယ်ပေါ့နော်။ ပြီးတော့ နောက်တစ်ခုက ကျနော်တို့က သော့လည်းသေချာခတ်ထားတယ်။ ဖျက်ပြီးတော့ ဝင်တယ်ဆိုတော့ ဒါက သေ ချာတယ် ကျနော်တို့နေရာမှန်း သိသိကြီးနဲ့ကို တမင်တကာ ကျနော်တို့ကို ဖိနှိပ်တဲ့ပုံစံမျိုး၊ မီဒီယာတွေကို ဖိနှိပ် တဲ့ပုံစံမျိုးလို့ပဲ ကျနော်တို့ မြင်မိတယ်” ရွှေဖီမြေ အယ်ဒီတာ အဖွဲ့ဝင် တစ်ဦး က ပြောသည်။

ရွှေဖီမြေ သတင်းအေဂျင်စီသည် တရားဝင် အစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့် တရားဝင် မှတ်ပုံတင်ရရှိထားသည့် ဒေသအခြေစိုက် သတင်းဌာနတစ်ခု ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် အခြေဆိုက်ပြီး ဒေသအတွင်းက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး သတင်းများ၊ တိုင်းရင်းများ၏ လူနေမှုနှင့် ယဉ်ကျေးမှု အစီအစဉ်များနှင့် မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်က သတင်းများကို ရေးသားတင်ဆက်နေသည့် သတင်းဌာနတစ်ခုဖြစ်သည်။
NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here