လေယာဥ် ပစ်ချခံရပြီးနောက် မိုးမောက်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲပြင်းထန်နေ၊ တိုက်ပွဲအတွင်း ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၄ဦး သေဆုံး

0
246

၃ မေ ၂၀၂၁

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း မေလ ၃ ရက်နေ့ (ယနေ့) ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ကချင် လွတ်လပ်ရေးတပ်မတော်တို့၏ တိုက်ပွဲများအတွင်း ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၄ ဦး သေဆုံး ပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ နံနက်ပိုင်း ၈ နာရီ ကျော်အချိန်ခန့်က စတင်ပြီး မိုးမောက်မြို့နယ်၊ မြို့သစ် ကုန်းလောကျေးရွာများအနီး နှစ် ဖက်ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိရာ လက်နက်ကြီးကျည်အချို့ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ရွာသားသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြော သည်။

“ဟုတ်တယ်၊ ဒီမနက် ၁၀ နာရီကျော်လောက်မှာ ကုန်းလောရွာထဲကို လက်နက် ကြီးကျတာပါ။ မနက်ကတည်း က တိုက်ပွဲတွေ ဖြစ်နေတာပါ။ ကုန်းလောရွာ ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျတာ၊ အဲ့ဒါ ထိထားတာ ၉ ယောက်ထိထားတယ်။ အဲ့ဒါက ရွာထဲမှာ ဘုန်းကြီးကျောင်းထဲမှာ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်း အောက်ထပ် မှာ ခိုလှုံနေတဲ့ ရွာသား ၉ ယောက်၊ ဘုန်းကြီးတစ်ပါး ထိခိုက်သွားတယ်။ အခုလောလောဆယ် ဘုန်းကြီးတစ်ပါး နဲ့ အမျိုးသမီးတစ်ယောက်၊ အဘိုးကြီးတစ်ယောက်၊ ကလေးတစ်ယောက် ဆုံးသွားတယ်ပေါ့နော်” ဟု မိုးမောက် ဒေသခံတစ်ဦး က ပြောသည်။

ကုန်းလောကျေးရွာအတွင်း လက်နက်ကြီးကျခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍လည်း “ဘာနဲ့ပစ်မှန်းတော့မသိဘူး လေယာဉ်ကပစ်တာလာ ဘာလားမသိဘူး။ အားလုံးက တိုက်ပွဲဖြစ်နေတော့ ပုန်းနေကြတာ။ အဲ့ဒီလက်နက်ကြီး က ဘုန်းကြီးကျောင်း အဝမှ အရှေ့မှာ ဝန်းထဲမှာ ကျတာပေါ့၊ အဲ့တော့ ဘုန်းကြီး အောက်ထပ်မှာ ခိုလှုံနေကြတဲ့ လူတွေပေါ့ ဘုန်းကြီးတစ်ပါးအပါအဝင်ပေါ့ အဲ့ဒါထိသွားတာ။ ဘုန်းကြီးက ပျံလွန်တော်မူသွားပြီ” ဟု အမည်မ ဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ကုန်းလောကျေးရွာထဲအထိ ပစ်ခတ်မှုများ၊ လက်နက်ကြီးကျည်၊ လက်နက်ငယ်များ ကျ ရောက်ပေါက်ကွဲခဲ့သည့် အတွက် ဒေသခံရွာသားများမှာ ကတုတ်ကျင်းများနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် ပုန်းနေကြရာ လက်နက်ကြီးတစ်လုံး ကုန်းလောကျေးရွာ ဘုန်းကြီးရှေ့တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ (မိုးမောက်) တာဝန်ရှိသူ တစ်ဦးက “ကျနော်တို့ လော လောဆယ် တပ်ဆေးရုံကနေ အလောင်းနှစ်လောင်းနဲ့ ဘုန်းကြီးရဲ့ အလောင်းကိုတော့ ထုတ်ခဲ့ပြီ။ အခု သုဿန် ကို သွားနေပြီ။ တပ်ဆေးရုံမှာလာဆုံးတာ။ သယ်လာတုန်းကတော့ မဆုံးသေးဘူး။ လောလောဆယ် ဆုံးသွားတဲ့ လူတွေရဲ့ အလောင်းတွေကိုတော့ ထုတ်နေပြီ။ ဒဏ်ရာရတဲ့လူနာတွေကိုတော့ ဗန်းမော်တပ်ဆေးရုံမှာ ဆေး ကုပေးနေတယ်” ဟု ပြောသည်။

ကုန်းလောကျေးရွာထဲတွင် ပစ်ခတ်မှုများရှိနေသည်ကြားက ထိခိုက်ဒဏ်ရာ ရရှိသူများကို ခေါ်ထုတ်ခဲ့ရခြင်း ဖြစ်သည်ဟု ၎င်း က ဆက်ပြောသည်။

“မိုးမောက်ကနေ ဗန်းမော်ကို ဆေးကုဖို့ ဘုန်းကြီးကျောင်းက ကားနဲ့ပဲ ပစ်ခတ်နေတဲ့ကြားကနေ ခေါ်ထုတ်ခဲ့ ရတာ လေ။ ရွာထဲကလူတွေကလည်း လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော အဆက်မပြတ် ရွာထဲကို ဆက် တိုက်ပစ်နေတော့ ဘယ်သူမှ အပြင်ထွက်လို့ မရဘူး။ အဲ့ကြားနေပဲလူနာက အရမ်းစိုးရိမ်ရတော့ ဘုန်းကြီး ကျောင်းက လူတွေနဲ့ပဲ ခေါ်ထုတ်ခဲ့ရတာ။ ခေါ်ထုတ်ခဲ့ပြီးမှ ကျနော်တို့ ဒီဘက်က နာရေးကားတွေနဲ့ပဲ ဆက်သွား လို့လည်းမရဘူး။ နောင်လိုက်ကနေပဲ စောင့်ကြိုပြီးမှ သယ်ခဲ့ရတာလေ။”

ယနေ့ နံနက်ပိုင်း လေယာဉ်ပျက်ကျသည့် နေရာနှင့်လည်း မဝေးသလို ကုန်းလောကျေးရွာအတွင်းတွင်လည်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေသေးသည့်အတွက် ရွာသားများမှာ ပုန်းနေကြရဆဲဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ဧပြီလကတည်း က တိုက်ပွဲများပြင်းထန်စွားဖြစ်ပွားလျှက်ရှိရာ ဧပြီလ လလယ်ခန့်ကစတင်၍ ဗန်းမော်၊ မိုးမောက်မြို့နယ်အတွင်း တပ်မတော်ဘက်က လူအင်အား၊ လက်နက်အင်အားနှင့် ရိက္ခာများ ဆက်တိုက်တိုးထားသည်ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး ကြီးနော်ဘူ က ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here