ထိန်းချုပ်နယ်မြေမှ ပြည်သူများ မဲပေးနိုင်ရေးအတွက် ကန့်သတ်ထားသည့် သွားလာခွင့်ကို ၃ ရက်ကြာ ပြန်ဖွင့်ပေးမည်ဟု NMSP ပြောဆို

0
194

နိုဝင်ဘာလ ၅ရက်။ ၂၀၂၀ ခုနှစ်။

မွန်ပြည်သစ်ပါတီအနေဖြင့် ၎င်းတို့ထိန်းချုပ်ဒေသအတွင်းရှိ ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရန်အတွက် ဝင် ထွက် သွားလာခွင့် ကန့်သတ်ထားသည်ကို ၃ ရက် ဖွင့်လှစ်ပေးသွားမည်ဟု မွန်ပြည်သစ်ပါတီ(NMSP) က ပြော သည်။

မိမိတို့ ထိန်းချုပ်ဒေသအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် နိုဝင်လာလ ၇ ရက်နေ့မှ နိုဝင်ဘာ ၉ ရက်နေ့အထိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်း ဝင်ထွက်သွားလာခွင့်ကို ဖွင့် လှစ်ပေးထားမည် ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူ က ပြောသည်။

မွန်ပြည်သစ်ပါတီ NMSP ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က “မဲသွားပေးမယ့် ပြည်သူလူထုတွေ လွတ်လပ်စွာ မဲသွားပေးနိုင်ဖို့ နိုဝင်ဘာ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျနော်တို့ ကိုဗစ်ကြောင့် ကန့်သတ်မှု လုပ်ထားတာတွေကို ဖြေလျှော့ပေးသွားမယ်” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီသည် COVID-19 ဖြစ်ပွားမှုနှုန်းများလာခဲ့သည့်အတွက် စက်တင်ဘာလခန့်မှစတင်၍ ၎င်းတို့ ထိန်းချုပ်ဒေသအတွင်း ဝင်ထွက်သွားလာခွင့်များကို ကန့်သတ်ထားခဲ့သည်။

ထု့ိအပြင် မွန်ပြည်သစ် ထိန်းချုပ်ဒေသအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့သဘောဆန္ဒအတိုင်း ကြိုက်နှစ်သက်ရာပါတီကို လွတ်လပ်စွာမဲပေးနိုင်ကြောင်းလည်း မွန်ပြည်သစ်ပါတီ က ပြောသည်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုဝင်ဘာ ၁၀ ရက်နေ့မှစပြီး ထိန်းချုပ်ဒေသအတွင်း ဝင် ထွက်သွားလာခွင့်ကို ပြန်လည်ကန့်သတ်သွားမည်ဟုလည်း မွန်ပြည်သစ်ပါတီ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီ (ဗဟို) မှ နိုင်စိုက်ချမ်းထော က ပြောသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်းရှိ မဲဆန္ဒရှင်များ အထူးသဖြင့် ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်း ဖျား ဒေသရှိ မဲဆန္ဒရှင်များသည် မဲရုံနှင့် မိုင် ၂၀ နှင့် ၃၀ အကြား ဝေးသည့်အပြင် လမ်းပန်းဆက်သွယ်ရေး လည်း မကောင်းသည့်အတွက် မဲသွားပေးရန် ခက်ခဲနေသည့်အနေအထားများ ဖြစ်နေသည်။

“ရေးချောင်းဖျားဒေသက ပြည်သူလူထုတွေက မဲရုံနဲ့ တအားဝေးနေတယ် စိတ်ဝင်စားပေမယ့် မဲလာထည့်ဖို့က ခက်ခဲတဲ့အနေအထားမှာရှိနေတယ် ကျနော်တို့အနေနဲ့ကလည်း ကိုယ့်ဒေသကလူတွေ မဲပေးနိုင်အောင်တော့ ကြိုးစားနေတယ်” ဟု ရေးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) နေရာတွင် ဝင်ရောက်အရွေးခံ မည့် ကိုယ်စားလှယ်လောင်း မင်းအောင်ထူး က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသရှိ ပြည်သူများ မဲပေးပိုင်ခွင့်ရှိနေသော်လည်း မဲစာရင်းတွင် မပါဝင် ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များမရခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ မရ ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ မဲရုံများ ဝေးကွာလွန်းနေခြင်းတို့ကြောင့် ဒေသခံများ ရွေးကောက်ပွဲ တွင် ပါဝင်လာရန် အခက်အခဲ စိန်ခေါ်မှုတို့များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွွန်ပြည် လူ့အခွင့်အရေး ဖောင် ဒေးရှင်း ပြီးခဲ့သည့် အောက်တိုဘာလ က ထုတ်ပြန်သည့် “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” ဆိုသည့် အစီရင်စာထဲ တွင် ရေးသားထားသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ် ရေးချောင်းဖျားဒေသအတွင်းက မဲမပေးဖူသည့် မဲဆန္ဒရှင်ပြည်သူ ၂၀၀၀ နီးပါး က လည်း မဲစာရင်းတွင် ပါလာသည့်အတွက် ယခု နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေး ကောက်တွင် မဲပေးခွင့်ရရှိတော့မည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် ဒေသများတွင် လူဦးရေ ၁ သိန်း ၈ သောင်း ဝန်းကျင်ခန့်ရှိပြီး ၎င်းတို့ထဲတွင် လူဦးရေ ၄ သောင်း ကျော် သည် ရွေးကောက်ပွဲတွင် တစ်ကြိမ်တစ်ခါမှ ပါဝင်ခွင့် မရရှိသူများဖြစ်သည်ဟု မွွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း ၏ “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” ဆိုသည့် အစီရင်စာ အရ သိရသည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here