Covid-19 ဆိုင်ရာ EAOများနှင့် ပူးပေါင်းရေးကော်မတီ ထိရောက်မှုမရှိနိုင်ဟု တိုင်းရင်းသားအချို့ သုံးသပ်

0
226

၄ မေ ၂၀၂၀
Covid-19 ကာကွယ် ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်သော်လည်း ထိရောက်မှုမရှိနိုင်ဘူးဟု ရှမ်းတိုင်းရင်းသားအချို့က ပြောသည်။

ယခုကဲ့သို့ ကော်မတီဖွဲ့ ခြင်းအပေါ် ကြိုဆိုကြောင်း သို့သော်လည်း ကော်မတီအနေဖြင့် လုပ်ငန်းအကောင် အထည်ဖော်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တိကျစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသောကြောင့် ထိရောက်မှုအပိုင်း မည်မျှရှိမည်ကို ပြောဆိုရန် ခက်ခဲသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) စိုင်းကျော်ညွှန့် က ပြောသည်။

စိုင်းကျော်ညွန့်က “ဒီကော်မတီဖွဲ့တာတော့ ကောင်း ပါတယ်။ ဘယ်အချိန်ဖွဲ့ ဖွဲ့ပေါ့လေ။ ဒါပေမယ့် ဒီကော်မတီက ဘာလုပ်မလဲပေါ့။ ဖွဲ့ထားတာလည်း တွေ့တာ တော့ လူလေးယောက်ပဲပေါ့လေ။ အဓိက အဆင့်ဆင့် ဘယ်လိုဖွဲ့ထားတယ် ဆိုတာလည်း မတွေ့ရသေး ဘူးပေါ့။ ကော်မတီဖွဲ့တယ်ဆိုတာထက် အဲ့ဒီကော်မတီက ဘာအလုပ်လုပ်မှာလဲပေါ့။ လုပ်ပိုင်ခွင့်တွေ ရေး ထားတာတော့ ရှိတယ်။ ဒါပေမယ့် တကယ်အကောင်အထည်ဘယ်လိုဖော်မလဲပေါ့။ အဲ့ဒါတွေ မသိသေးပဲနဲ့ တော့ ကောင်းခြင်းဆိုးခြင်းကို ပြောရတာခက်ပါတယ်။ ထိထိရောက်ရောက် လုပ်နိုင်ပါ့မလားပေါ့ဗျာ” ဟု ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်းအပြင်၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများအတွင်းရှိ RCSS/SSA တောင်ပိုင်း ရှမ်းပြည်တပ်မတော်၏ နယ်မြေများအတွင်း ၎င်းတို့အနေဖြင့် Covid-19 ရောဂါကာကွယ်ရေး ပညာပေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း၊ ထိုသို့လုပ်ဆောင်နေစဉ်တွင် ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့ နယ် အတွင်း RCSS ၏ ကျန်းမာရေးအဖွဲ့ဝင်များနှင့် နယ်မြေခံတပ်တို့အကြား တင်းမာမှုများ ရှိခဲ့သည်။

ရှမ်းမြောက်ဒေသ လားရှိုးမြို့ ရှမ်းလူငယ် စိုင်းနော်ဆိုင်ကလည်း “ဒီကော်မတီဖွဲ့လိုက်တာက ထူးထူးခြားခြား သိပ်ပြီး အလုပ်ဖြစ်မယ်လို့တော့ မထင်ဘူး။ ခရီးပေါက်မယ်လို့ လည်း မထင်ဘူး။ သူ့ဂွင်နဲ့သူ၊ သူ့နေရာနဲ့သူ လုပ်နေတာက ပြည်သူလက်ထဲရောက်သေးတယ်။ တဖက်က လည်း သူ့ဟာနဲ့သူလုပ်နေတာတောင်မှ ထိ တွေ့ မှုတွေဖြစ်တယ်ဆိုတဲ့အခါကြတော့ ပူး ပေါင်းလုပ်ဆောင်ဖို့ဆိုတာက အဟန့်အတားတွေ တော်တော် များမယ်ထင်တယ်” ဟု ပြောသည်။

ထို့အပြင် ရှမ်းမြောက်ဒေသကဲ့သို့ စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများ ရှိနေသေးသည့်အနေအထားနှင့် အပစ်ရပ် လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ ရှိနေသေးသည့် နေရာ တွင်လည်း အဆိုပါကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရာတွင် အခက်အခဲရှိနိုင်သည်ဟု စိုင်းနော်ဆိုင်က ဆက်ပြောသည်။
“အဓိကကတော့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေလည်း သူ့နယ်မြေနဲ့သူပေါ့၊ ကျနော်တို့ သတင်းတွေမှာ တွေ့ ရ သလောက်တော့ သူ့ဟာနဲ့သူတော့ တတ်နိုင်သလောက်ကြိုးစားပြီးမှ လုပ်နေကြတာ။ ဆိုတော့ ဒဲ့ပြောရရင် တော့ မနှောက်ယှက်တာပဲ ပြည်သူလူထုအတွက်က အကောင်းဆုံး ဖြစ်မယ်လို့ ကျနော်ထင်တယ်။”

ဧပြီလယ်ခန့်က ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်အတွင်း Covid-19 ရောဂါ ကာကွယ် တားဆီးရေး ပညာပေးနေကြသည့် RCSS/SSA ၏ ကျန်းမာရေးအဖွဲ့ဝင်များနှင့် အစိုးရတပ်မတော်၏ နယ်မြေခံတပ်မှ တားဆီးမှုများလုပ်ဆောင်ခဲ့ရာ နောက်ပိုင်းတွင် ပြေလည်မှု ရရှိခဲ့သည်ဟု RCSS/SSA တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA အဖွဲ့မှ ဒု-ဗိုလ်မှူး ကြီးစိုင်းအုမ်ခေး က “ဟို အဟန့်အတား ပိတ်ဆို့မှု၊ တင်းမာမှု ရှိခဲ့တာတော့ တစ်ခါပေါ့နော်။ အဲ့ဒါက နား လည်မှု လွဲလို့ဆိုပြီးတော့လေ အခုတော့ ပြန်လည်သဘောပေါက် နားလည်ပြီး အေးဆေးဖြစ်သွားပြီနော်” ဟု ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့် RCSS/SSA အနေဖြင့် Covid-19 ကာကွယ် ထိန်းချုပ်ကုသရေး EAOs များနှင့် ပူးပေါင်းရေးကော်မတီ ကို အစိုးရအနေဖြင့် ဖွဲ့စည်းခြင်းမှာ အနည်းငယ် နောက်ကျသော်လည်း ၎င်းတို့အနေဖြင့် ကြိုဆိုသည်ဟု ဒု-ဗိုလ်မှူးကြီးစိုင်းအုမ်ခေး က ဆက်ပြောသည်။

Covid-19 ကာကွယ် ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီကို ဧပြီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လက်မှတ်ရေးထိုး ထားပြီး အဲ့ဒီကြေညာချက်ကို ဧပြီလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်မှတ်ထိုးပြီး ထုတ်ပြန်ထားသည့် အဆိုပါ ထုတ်ပြန်ချက်အရ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ ဒု-ဥက္ကဋ္ဌ (၂) ဒေါက်တာ တင်မျိုးဝင်း က ဥက္ကဌ၊ ငြိမ်းချမ်း ရေးကော်မရှင် အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က ဒု-ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများ ရေးရာ ဒု-ဝန်ကြီး ဦးလှမော်ဦးက အတွင်းရေးမှူး၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်သည်ဟု သိရသည်။

ဧပြီက ၂၇ ရက်နေ့က ဖွဲ့စည်းလိုက်သည့် အဆိုပါကော်မတီနေဖြင့် Covid-19 ကာကွယ် ထိန်းချုပ်ကုသ ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်း ၊ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများအား စစ်ဆေး စောင့်ကြပ်ကြည့်ရှုခြင်းအပြင် သံသယလူနာတွေ့ရှိပါက သတင်းအချက်အလက် ဖလှယ်ခြင်း၊ ရောဂါလက္ခာပြသူများအား စောင့်ကြပ်ကြည့်ရှု ကုသမှုပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း နှင့် EAOs အခြေပြုရာ ဒေသများတွင် Covid-19 ဆိုင်ရာ အရေးပေါ်ဆောင်ရွက်ရန်ကိစ္စများ ပေါ်ပေါက်လာပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ လမ်းညွှန်ချက်နှင့် အညီ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်း စသည့် အချက်များအပါအဝင် အချက် (၇) ချက်မှာ ကော်မတီ ၏ လုပ်ငန်းတာဝန်များ ဖြစ်သည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here