အငူမော်-မောင်တောလမ်းပေါ်ရှိ ဥဒေါင်းရွာ ရဲကင်းစခန်းအနီး ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံး

0
142

၄ မေ ၂၀၂၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အငူမော်-မောင်တောသွားလမ်းပေါ်ရှိ ဥဒေါင်းကျေးရွာ ရဲကင်းစခန်းနှင့် သုံးဖာလုံခန့်အကွာတွင် ဧပြီလ ၃၀ ရက် နေ့လည်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကာ ကျေးရွာသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သေဆုံးသွားသူမှာ ဦးအောင်ထွန်းသိန်း ၄၈ နှစ်ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီးတွင် ကွမ်းယာဆိုင် ဖွင့်လှစ်ရောင်းချနေသူတစ်ဦးဖြစ်ကြောင်း ဥဒေါင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျန်က ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဦးအောင်ထွန်းသိန်း၏ ရင်ဘတ်ပွင့်ထွက်ဒဏ်ရာဖြင့် နေရာတွင်သေဆုံးသွားခဲ့ ကြောင်းသိရသည်။

“သူကအဲဒီနားမှာ ကွမ်းယာဆိုင်ဖွင့်ပြီး ကွမ်းယာတို့၊ အချိုရည်တို့ရောင်းတာ။ အဲဒီနေ့က သူ့ဆိုင် နောက်ဘက်က ဝါးရုံမှာ မျှစ်သွားချိုးတာလို့ သိရတယ်။ ဝါးရုံဘေးမှာ သတင်းစာစက္ကူနဲ့ ထုပ်ထားတဲ့ အထုပ်တစ်ထုပ်တွေ့လို့ ဖွင့်ကြည့်လိုက်တော့ ပေါက်ကွဲပြီး ခုလိုဖြစ်သွားတာ”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျန်က ဆိုသည်။

သေဆုံးသွားသည့် ဦးအောင်ထွန်းသိန်း၏ ရုပ်အလောင်းကို မောင်တောဆေးရုံသို့ပို့ဆောင် ရင်ခွဲစစ်ဆေးခဲ့ပြီး ယနေ့မေလ ၁ ရက်နေ့တွင် အလောင်းအား ကျေးရွာသို့သယ်ဆောင်သွားပြီဖြစ်ေကြာင်း သိရသည်။

၎င်းဖြစ်စဉ်အား တပ်မတော်ကထုတ်ပြန်ရာတွင် ဥဒေါင်းတံတားအနီး မိုင်းပေါက်ကွဲသံကြားရသဖြင့် သွားရောက် စစ်ဆေးရာ ဥဒေါင်းတံတားအနီး၌ မိုင်းထိဒဏ်ရာများဖြင့်သေဆုံးနေသော AA အမာခံတစ်ဦး၏ အလောင်းအား တွေ့ရှိရသည်ဟု ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည်။

သေဆုံးနေသူအားစိစစ်ခဲ့ရာ ဥဒေါင်းကျေးရွာနေ ဦးအောင်ထွန်းသိန်း အသက် ၄၈ နှစ်ဖြစ်ကြောင်းနှင့် ၎င်းသေဆုံးသူသည် AA ၏ အမာခံသတင်းပေးတစ်ဦးဖြစ်ကြောင်း သိရသည်ဟု တပ်မတော်၏ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

တပ်မတော်၏စွပ်စွဲချက်ကို ဦးအောင်ထွန်းသိန်း၏ဇနီးဖြစ်သူ ဒေါ်မသန်းစိန်က ငြင်းဆိုထားသည်။

“ကျွန်မတို့ ဘာမှမသိပါဘူး။ ကျွန်မတို့က ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြသူတွေဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ် ပတ်သက်ပြီးလည်း ဒေါ်မသန်းစိန်မှ တရားလိုပြုလုပ်ကာ မောင်တော အလယ်သံကျော်နယ်မြေ ရဲစခန်းတွင် (ပ)၅/၂၀၂၀ ၊ အကြမ်းဖက်ဥပဒေပုဒ်မ – ၅၀(က) (စျ)တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း အလယ် သံကျော်နယ်မြေရဲစခန်းမှ သိရသည်။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here