ရွေးကောက်ပွဲ အနိုင်ရပါက ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်မည်ဟု တိုင်းရင်းသားပါတီအချို့ ပြောဆို

0
109

နိုဝင်ဘာလ ၄ ရက်။ ၂၀၂၀ ခုနှစ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားလုပ်ဆောင်သွားကြ မည်ဟု တိုင်းရင်းသားပါတီများက ပြောသည်။

တိုင်းရင်းသားပါတီများအနေဖြင့် ငြိမ်းချမ်းရေး အပြင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးခွင့်များ ရရှိအောင် ကြိုးစား လုပ်ဆောင်သွားမည်ဟု တိုင်းရင်းသား ပါတီများက ပြော သည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်း က “ငြိမ်းချမ်းရေးက ကျနော်တို့ မလုပ်ဘူးဆိုရင် မရနိုင်တော့ပါဘူး။ အဓိကကတော့ ၂၀၁၀ မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကလည်းပဲ အစိုးရ လုပ်ပြီးပြီ ဘာမှငြိမ်းချမ်းရေးလည်း မရဘူး။ ပိုမိုဆိုးရွားလာတဲ့ အခြေအနေမျိုးပဲဖြစ်တယ်။ နောက်တစ်ချက်ကတော့ ၂၀၁၅ ကနေ ၂၀၂၀ အထိ NLD အစိုးရဖြစ်လာတယ်။ ငြိမ်းချမ်းရေး ဘာမှ မလုပ်နိုင်ဘူး ဒါကြောင့်လဲ ကျနော်တို့က ကိုယ်တိုင် ခံစားနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ရင် ရရှိပြီးတဲ့ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက် လုပ်မယ်” ဟု ပြောသည်။

“လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း အကုန်လုံးညှိနှိုင်းဆောင်ရွက်မယ်။ ဒါပြီးမှ သက်ဆိုင်ရာ လက် နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း အကုန်လုံး ညှိနှိုင်းဆောင်ရွက်ပြီးမှ အကုန်လုံး ပါတီတွေနဲ့ တူတူညီညီနဲ့ ဒီငြိမ်းချမ်းရေးကို လုပ်ဖို့ ဆန္ဒရှိလို့ လွှတ်တော်လမ်းကြောင်းထဲကနေ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး ကို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးဘူးဆို ဘာမှလုပ်လို့မရပါဘူး။ ဒါကြောင့်မို့လို့ပဲ လွှတ်တော် လမ်းကြောင်းကနေ ငြိမ်းချမ်းရေးကို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကိုယ့်မိခင် လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အကုန်လုံးညှိနှိုင်းပြီးတော့မှ စစ်မှန်တဲ့ ငြိမ်း ချမ်းရေး ကို ရရှိဖို့ လုပ်ဆောင်သွားမှာပေါ့။ နောက်တစ်ချက်ကတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည် ဆောက်ဖို့လည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ၏ ၂၀၂၀ ရွေးကောက်ပွဲ ကတိကဝတ်ထဲတွင် ပင်လုံသဘော တူညီ ချက်၊ ပင်လုံကတိကဝတ်များနှင့်အညီ နိုင်ငံတော်ကို စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖြစ် တည်လာစေရေး အလေးထားဆောင်ရွက်သွားမည့် အချက်ပါဝင်သည်။

ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက်လည်း အထူးကြိုးပမ်းဆောင်ရွက်ပါမည်ဆိုသည့် အချက် အပါအဝင် တိုင်းရင်းသားများ၏ အမည်နာမ၊ သမိုင်းကြောင်းနှင့် ဖြစ်တည်မှုတို့ မှန်ကန်စေရန်နှင့် စာပေ၊ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းသွားမည်ဟု ကတိကဝတ်ပြုထားသည်။

၂၀၂၀ တွင် ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ကတိက ၀တ်များ မူဝါဒများကို ပြောဆိုကာ မဲဆွယ်စည်းရုံးမှုများ လုပ်နေကြသည်ကိုတွေ့ရသည်။

ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD) ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ် က “ကျနော်တို့က ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ပင်လုံညီလာခံ အတွက်ကတော့ ထဲထဲ၀င်၀င်ပါပြီးတော့ အဲဒီနည်းလမ်းကနေပြီးတော့ အကောင်အ ထည်ဖော်ဖို့ကတော့ ကြိုးစားကြည့်မယ်ဆိုတဲ့ ရည်မှန်းချက်တော့ ထားတယ်။ ဘာဖြစ်လို့လဲဆိုတာ့ တစ်ခြား နည်းလမ်းမှ မရှိပဲ လွှတ်တော်နည်းလမ်းကလည်း လွှတ်တော်ထဲ မှာ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့က တော် တော်ခက်တယ်။ တော်တော်ခက်တယ်အခါကျတော့ ဒီ NCA က နေ လမ်းကြောင်းက နိုင်ငံရေးမူဘောင် ဆွေးနွေးမှု မူဘောင်ကနေတစ်ဆင့် လာတဲ့ ဒီငြိမ်းချမ်းရေး ညီလာခံ ကနေ ချင်းပါတီ အနေနဲ့တော့ ကျနော် တို့ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ထဲထဲ၀င်၀င်ပါ ၀င်ပြီး တော့ ဒီငြိမ်းချမ်းရေး ညီလာခံ တက် ရောက်ရင်းနဲ့ပေါ့ ငြိမ်းချမ်းရေးအတွက်ကော ဖက်ဒရယ် ပြည်ထောင်စု ရရှိရေးအတွက်ကော အကောင်အ ထည် ဖော်ဖို့ ဒီလိုပဲ ရည်မှန်းချက်ရှိပါတယ်” ဟု ပြောသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) အနေဖြင့်လည်း ၎င်းတို့ပါတီ၏ နိုင်ငံရေးမူဝါဒ ၆ ချက် ၏ ပထမဆုံးအချက်တွင် အမျိုး သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ပြည်နယ်များဖြင့် ဖွဲ့စည်းသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မည်၊ ဒုတိယအချက်တွင် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်းတည်ဆောက်မည်ဟု ဖော်ပြထားသည်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး က “NCA လက်မှတ်ထိုးလိုက်တာနဲ့ ငြိမ်းချမ်းပြီလို့ ကျနော်တို့က ဘယ်တုန်းကမှ မခံယူဘူး။ NCA လက်မှတ်ထိုး လိုက်တာဟာ အပစ်အခတ် ရပ်စဲတာပဲ ကျနော်တို့ နားလည်ထားတယ်။ အပစ်ခတ်ရပ်စဲ ပြီးတာနဲ့ သေနတ်သံတွေ ဗုံးသံတွေ အမြောက် သံတွေ မကြားရတော့ဘူး ဆိုတာနဲ့ အကောက်အခွန်တွေ မကောက်တော့ဘူး ဆိုတာနဲ့ ငြိမ်းချမ်းပြီလို့ ကျနော်တို့က ဘယ်တုန်းကမှ မခံယူဘူး။ တကယ်ငြိမ်းချမ်းရေးကို ကျနော်တို့ လိုချင်တယ်။ တိုင်းရင်းသား တွေ အနှစ်နှစ် အလလ ခံစားနေရတဲ့ အထွေထွေ မကျေနပ်ချက်တွေ အကုန်လုံး ပြီးပျောက်ပြေငြိမ်းသွားမှ တကယ့် ငြိမ်းချမ်းရေး ရမယ်လို့ ကျနော်တို့ ခံယူတယ်” ဟု ပြောသည်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP အနေဖြင့် အခြေခံဥပဒေကို ပြင်နိုင်ရေး နည်းလမ်းများရှာ ပြင်ဆင်ပြီး ပြည်နယ်အလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ရေးအထိ ကြိုးပမ်းသွားမည်ဟု ပါတီဥက္ကဌ မန်းအောင်ပြည်စိုး က ဆက်ပြောသည်။

“အတတ်နိုင်ဆုံး အခြေခံဥပဒေကိုလည်း ပြင်နိုင်ရင်လည်း ပြင်ဖို့ နည်းလမ်းရှာမယ် အခြေခံဥပဒေကို ပြင် ရင်းနဲ့ ဒီမိုကရေစီ ပြည်ထောင်စုကို ကျနော်တို့က တည်ဆောက်နိုင်မယ် ညှိနှိုင်းဆွေးနွေးနိုင်မယ် တိုင်းရင်း သားတွေ လိုချင်တဲ့ ကိုယ့်ပြည်နယ် အခြေခံဥပဒေ ကိုယ့်ဟာကိုရေး ဆွဲဖို့ တန်းတူညီမျှခြင်း လွတ်လပ်ခြင်း ဆိုတဲ့ အခြေခံသဘောတရားတွေကို လက်ခံလာနိုင်တဲ့အထိ ကျနော်တို့က စောင့်ပြီးတော့ အိန္ဒိယမှာလည်း ကျနော်တို့လေ့လာမိသလောက် မိဇိုရမ်ဆိုတဲ့ ပြည်နယ် တိုက်ရင်းနဲ့ ညှိနှိုင်းကြတာပဲ တိုက်ရင်းလည်း ဆွေး နွေးကြတာပဲ အဲလိုမျိုးအပိုင်း လေးတွေ ဒါနဲ့လည်း သူတို့က အောင်မြင်မှုရလာလို့ ကျနော်တို့က လေ့လာမိ သလောက် ကျနော်တို့ သိရ တယ်။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် နည်းပေါင်းစုံရှာပြီးတော့ ဒီငြိမ်းချမ်းရေးကို ကျနော်တို့ ရှာဖွေပြီးတော့ မရ ရအောင်ကြိုးစားဆောင်ရွက်မယ်ဆိုတဲ့သံဓိဌာန်ကတော့ ထားထားပါတယ်။”

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်း၊ ကတိကဝတ် နှင့် မူဝါဒထဲတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တိတိကျကျ ဖော်ပြထားခြင်း မရှိသော်လည်း ပါတီ၏ ရည် မှန်းချက်ထဲတွင် လူထုအခြေပြုဆွေးနွေးပွဲများကို အခြေခံ၍ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါးများနှင့် လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်သွားမည်ဟု ရေးသားထားသည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ၏ အတွင်းရေးမှူး ဦးသဲရယ် က “ဒါကတော့ ကျနော်တို့ တာ၀န်ရှိလာတယ်။ အာဏာရှိလာတယ်ဆိုရင်တော့ ချက်ချင်းရပ်ရမယ် ဆိုတာမျိုးထက်ကို ငြိမ်းချမ်းရေးကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက်ပါ့မယ်။ အထူးသဖြင့် ကျနော်တို့ ဒီတပ်နဲ့ ပတ်သက်တဲ့ဟာတွေ တပ်ပိုင်းဆိုင်ရာရော နောက်ပြီး EAOs ကိစ္စတွေရော အပြန်အလှန် သူတို့တွေရဲ့ လိုလားချက် သူတို့တွေရဲ့ ရပ်တည်ချက် ဘာတွေ ဆိုတာကိုလည်း ကျနော်တို့ ဒါတွေ အဖြေရှာပြီးတော့မှပဲ ဘယ်လိုတည် ဆောက် မယ် ဆိုတဲ့ဟာမျိုး ဆက်သွားရမှာပေါ့နော်” ဟု ပြောသည်။

ထို့နောက် “ငြိမ်းချမ်းရေးကိုလည်း လူထုအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ သွားချင်သလဲ ဆိုတဲ့ဟာမျိုးတွေလည်း အရေးကြီးပါတယ်။ ဆိုတော့ ကျနော်တို့ အာဏာရှိလို့ ကျနော်တို့ လုပ်ချင်တဲ့ ပုံစံနဲ့ တည်ဆောက်သွားလို့ မရဘူး။ ဒါက ငြိမ်းချမ်းရေးက ခုနကျနော်ပြောသလိုမျိုးပဲ တပ်မတော်လည်း ပါလာဖို့ လိုတယ်။ နောက်ပြီး တော့ EAOs တွေလည်း ပါလာဖို့လိုတယ်။ ဆိုတော့ တပ်မတော်ရဲ့ ပေါ်လစီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တော့မှ တပ်မတော်ရဲ့ ပေါ်လစီက ဘာလဲ။ EAOs တွေနဲ့ ပတ်သက် ပြီးတော့မှ သူတို့ရဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ ပေါ်လစီက ဘယ်လိုရှိသလဲ ဆိုတဲ့ဟာမျိုးတွေတော့ ကျနော်တို့ အရင်ဆုံးဆွေးနွေးပြီးတော့မှပဲ ဒါဘယ်လို တည်ဆောက်သွားမလဲဆိုတဲ့ဟာမျိုးတွေပေါ့” ဟု ဦးသဲရယ် က ဆက်ပြောသည်။

ပြည်နယ်အတွင်း အမှန်တကယ် စစ်မှန်သည့် ငြိမ်းချမ်းရေး အောင်မြင်ဖြစ်ထွန်းပြီးသည့်အခါ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် ဒုက္ခသည်များ နေရပ်ပြန်ရေး၊ ပြန်လည်နေရာချထားရေးကိစ္စများကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ၏ အတွင်းရေးမှူး က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲကို နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီပေါင်း ၉၃ ပါတီ ရှိသည်။

အားမီ (NMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here