COVID-19 ကာကွယ်တုန့်ပြန်မှုတွင် ခွဲခြားဆက်ဆံမှုစံနှုန်းများရှိနေကြောင်း KPSN ထောက်ပြ

0
89

ဧပြီ ၁၇ရက်၊ ၂၀၂၀

မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ ကာကွယ်တုန့်ပြန်မှု လုပ်ငန်းစဉ်များတွင် ခွဲခြားဆက်ဆံမှု စံနှုန်းများ ရှိနေကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်-KPSN က ဧပြီလ ၁၇ရက်နေ့ ထုတ်ပြန် ချက်တွင်ထောက်ပြပြောဆိုထားသည်။

ပြည်မနေ ပြည်သူများအနေဖြင့် ကပ်ရောဂါအတွက် အကာအကွယ်များရနေချိန် တိုင်းရင်းသားဒေသရှိ ပြည်သူ များအနေဖြင့် အကူအညီများ မရသည့်အပြင် ဗုံးများဖြင့် အပစ်ခံရမှု၊ အသတ်ခံရမှုနှင့် ဆိုးရွားသော ကျန်းမာရေး အန္တရာယ်များဖြင့် ကြုံတွေ့နေရမည့် အခြေအနေသို့ တွန်းပို့ခံနေရကြောင်း KPSNက ဆိုသည်။

KPSN၏ ပြောခွင့်ရ နော်ဝါးခူရှီးက “ အခု လူတိုင်း ဒီကပ်ရောဂါပျောက်ကင်းဖို့ အတူတကွ ပူးပေါင်းတိုက် ဖျက်နေချိန် ကိုယ့်ပြည်သူတွေအတွက် ကြိုးစား ကာကွယ်နေချိန် ဒီလိုအခြေအနေမျိုးမှာ ဒီကပ်ရောဂါ အတူ တကွ တိုက်ဖျက်မှုနဲ့ ပြည်သူလူထု ကာ ကွယ်မှုမှာ တန်းတူညီမျှတဲ့အခွင့်အရေး ရဖို့လိုတယ်” ဟု ပြောသည်။

မြန်မာအစိုးရ အနေဖြင့် ကပ်ရောဂါဖြစ်ပွားလာမှုကို ပြည်သူများအပေါ် ကျန်းမာရေး အသိပညာပေးမှုများအပြင် အခြေခံလူတန်းစားများအတွက်ပါ စားနပ်ရိက္ခာများ ပံ့ပိုးရရှိနေချိန်တွင် မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာ ၏ ကပ်ဘေး အပေါ် အာရုံစိုက်နေချိန် တိုင်းရင်းသားဒေသများ၌ အကူအညီနှင့် သတင်းအချက် အလက်များကို ပိတ်ဆို့ထားပြီး စစ်တပ်မှ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရှိနေသည့်ပုံစံဖြင့် သတ်ဖြတ်မှုများနှင့် ဗုံးကြဲမှုများ လုပ် ဆောင်လျက်ရှိကြောင်း KPSNက ဆိုသည်။

ပြီးခဲ့သည့် လများက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အစိုးရမှ အင်တာနက် လိုင်းများ ဖြတ်တောက် လိုက်သလို ရက္ခိုင့်တပ်တော်(AA)ကို မတရားအသင်းနှင့် အကြမ်းဖက် အုပ်စုအနေဖြင့် ကြေညာလိုက်ပြီးနောက် ရခိုင်နှင့် ချင်းပြည်နယ်များတွင် ဝေဟင်မှ ဗုံကြဲးတိုက်ခိုက်မှုများဖြင့် စစ်ရေးအရှိန်မြင့်လာပြီး အရပ်သားအပေါ် ထိခိုက်မှုများရှိနေသလို စစ်ဘေးရှောင်ပြည်သူများ သိန်းနှင့်ချီရှိလာခဲ့ပြီး သတင်းမီဒီယာများအပေါ် ဖမ်းဆီး အရေးယူမှုများလည်း ရှိလာခဲ့သည်။

အလားတူ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ကရင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ဒေသများတွင်လည်း အရပ်သားများအပေါ် ပစ်မှတ်ထားပစ်ခတ်မှုများ၊ ဖမ်းဆီးမှုများ နှင့် လက်နက်ကြီး ပစ်ခတ်မှုများအပြင် ဒေသခံ တိုင်းရင်းသားများ၏ လယ်မြေနေရာများ ပျက်ဆီးဆုံးရှုံးများဖြစ်ပေါ်သလို စစ်ဘေးရှောင်နေရသူများလည်း ရှိနေကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်များအရသိရသည်။

လတ်တလော နိုင်ငံတကာ အရေးပေါ် အကူအညီများပေးနေချိန်တွင် တိုင်းရင်းသား ဒေသများရှိ ကျန်းမာရေး အဖွဲ့အစည်းများအား တိုက်ရိုက်ပံ့ပိုးမှုများကို တိုးမြှင့်ပေးဆောင်ရန် KPSNမှ တောင်းဆိုထားပြီး အဆိုပါ နိုင်ငံတ တကာ အကူအညီများသည်လည်း COVID-19 ကြောင့်ပိုမိုထိခိုက်နစ်နာနိုင်သည့် အခြေအနေအောက်တွင် ရှိနေသော ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှာင် ပြည်သူများအတွက် ဦးစားပေး ကူညီ သင့်ကြောင်းလည်း အကြံပြုတိုက်တွန်းထားသည်။

ထို့အပြင် တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်မှုများကို ရပ်တန့်ရန်နှင့် မြန်မာ ပြည်သူများအားလုံးအပေါ် တန်တူညီမျှ ဆက်ဆံမှုများဖြစ်ပေါ်လာစေရန် နိုင်ငံတကာ အသိုင်းအဝန်းများအနေဖြင့် အစိုးရနှင့် တပ်မတော် အပေါ် ဖိအားပေးရန် လိုအပ်ပြီး အစိုးရနှင့် ၎င်း၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးကို ပွင့်လင်းမြင်သာစွာ ဦးတည်ဆောင်ရွက်လာစေရန်ကိုပါ နိုင်ငံတကာမှ တောင်းဆိုရန် လိုအပ် ကြောင်း KPSNမှ ဆက်လက်တောင်းဆိုထားသည်။

စအိုင်ဆူး(ကေအိုင်စီ)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here