ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ပလက်ဝမြို့နယ် မီးဇာရွာရှိ စစ်ရှောင်ပြည်သူများ အခက်ကြုံ

0
166

၃ နို၀င်ဘာ ၂၀၂၀။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကုလားတန်မြစ်အထက်ပိုင်း မီးဇာကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများသည် အစိုးရနှင့် အဖွဲ့အစည်းတချိူ့ထံမှ ငွေကြေးအထောက်အပံ့များရရှိမှုရှိသော်လည်း ၎င်းတို့ဒေသတွင် ကုန်ဈေးနှုန်းအဆမ တန်မြင့်တက်မှုကြောင့် အခက်ကြုံနေကြရသည်ဟု သိရသည်။

လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီး ဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် (WFP)တို့ထံမှ ယခုရက်ပိုင်းအတွင်း ငွေကြေးအချိူ့ထောက်ပံ့မှုရရှိခဲ့ကြသော်လည်း ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှု ကြောင့် အခက်ကြုံနေရသည်ဟု မီးဇာကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူ တစ်ဦးဖြစ်သည့် ဦးထွန်းသန်းကပြောသည်။

“ဆန်တွေ၀ယ်ဖို့ကတော့ WFP က ဒီလတည်းမှာထောက်ပံ့ပေးတာရှိပါတယ် ပိုက်ဆံနဲ့ပေါ့နော်၊ ဆန် ဆီ ဆား ပဲတွေက သူတို့ထောက်ပံ့လို့မရဘူး လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ဒီပလက်၀ကြားမှာ အတက်အဆင်း သိပ်အဆင်မပြေလို့၊ ဒီထောက်ပံ့တာက ဒီဇင်ဘာလထိသုံးနိုင်တဲ့အနေအထားတော့ရှိတယ်၊ ကျနော်တို့နယ်မြေ အခြေအနေအရ ကုန်ဈေးနှုန်းတွေလည်းအရမ်းတက်နေတယ်တဲ့အခါကျတော့ အဆင်မပြေဘူး၊ ကျနော်တို့ အဓိကလို အပ်တာက ဆန်တွေလိုအပ်တယ် ဒုတိယတော့ ပိုက်ဆံလိုအပ်တယ် နောက်ကျန်တဲ့အပိုင်းတွေကတော့ ရုန်းကန်လို့ရတဲ့ အနေထား မျိုးမှာရှိပါတယ် အခုလတ်တလော တစ်လနှစ်လတော့ အဆင်ပြေလောက်မယ်ထင်တယ် ဒါပေမဲ့ ကျန်တဲ့လမှာ ပိုင်းမှာတော့ ကျနော်တို့လည်း ခန့်မှန်းလို့မရတော့ဘူး” ဟု ဦးထွန်းသန်းကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) စစ်ရေးပဋိပက္ခများကြောင့် မီးဇာကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူအိမ်ထောင်စု ပေါင်း ၁၀၇ စု၊ လူဦးရေ (၅၃၉) ဦးရှိပြီး ကမ္ဘာ့စားနပ်ရပ်က္ခာအစီစဉ်(WFP)က လူတစ်ဦးလျှင် ၃ သောင်းကျပ်၊ လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနကလည်း တစ်အိမ်ထောင်စုကို ၈၀၀၀၀ ကျပ်ဖြင့် အသီးသီးထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

ပလက်၀မြို့နှင့် မီးဇာကျေးရွာအကြားတွင် တပ်မတော်စစ်ဆေးရေးဂိတ် ၃ ဂိတ်ခန့်ရှိသည့်အပြင် AA တပ်ဖွဲ့များလည်း လှုပ်ရှားမှုရှိပြီးသွားလာ၍မရဖြစ်ကာ ပလက်၀ဘက်မှ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်၍မရသောကြောင့် မတူပီမြို့နယ် လိုင်လင်းပီမြို့ ဘက်မှ ကုန်ပစ္စည်းသယ်ယူရသည့်အတွက် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ခြင်းဖြစ်သည်ဟု သိရသည်။

ယခုလက်ရှိ မီးဇာကျေးရွာတွင် ဆန်တစ်အိတ် ၇ သောင်းခွဲ၊ ဆားတစ်ပိသာ ၄၀၀၀ ခန့်ပေါက် ဈေးရှိနေသည်ဟုသိရသည်။

မီးဇာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟွေ့လောက “ဆန်ကပြတ်လတ်မှုတော့မရှိဘူး ဒါပေမဲ့ ရှိတဲ့သူဆီကနေ ေ၀ခွဲစားသောက် နေရတာ ဆန်အိတ်ကလည်း ၇ သောင်းထိတက် အခုက ပလက်၀တောင်မှ သွားလို့မရဘူး၊ အခုတောင်ယာလုပ်တာက လည်း ဆန်လုံလောက်မှုတော့မရှိဘူး၊ တောင်ယာမှာ နည်းနည်းပါးပါးတော့ရှိတယ်၊ ပလက်၀ဘက်လည်းသွားလို့မရဘူး ကြားမှာ AA ကလည်းရှိနေတယ် တပ်ကလည်း ဂိတ်ရှိတယ် အသွားအလာလုံး၀ကိုမရဘူးပေါ့ အခုက ကုန်ဈေးနှုန်းတွေကလည်း အကုန်လုံးတက်ကုန်နေတာ အခုလောလောဆယ်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံပြီးမှ စားသောက်နေရတာ၊ တစ်ယောက်နဲ့ တစ်ယောက် မရှိတဲ့လူတွေကလည်း ဟိုချေးဒီချေး စစ်ဘေးရှောင်လောက်ပဲမဟုတ်ဘူး အခုမီးဇာဆိုရင်လည်း တစ်ရွာလုံးပဲ အခက်အခဲကြုံနေရတာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကို ကျော်ဖြတ်သန်းပြီးမှ တစ်ယောက်နဲ့ တစ်ယောက်ကိုဖလှယ်ပြီးမှစားနေရတာ” ဟု ပြောသည်။

မီးဇာနှင့် အနီးတစ်ဝိုက်ကျေးရွာများသည် ပလက်၀မြို့ဘက်သို့သွားလာ၍မရသောကြောင့် မတူပီမြို့နယ် လိုင်လင်းပီမြို့ ဘက်သို့ စားသောက်ကုန်များကိုသယ်ယူလေ့ရှိပြီး လမ်းပန်းဆက်သွယ်ရေးမကောင်းသည့်အတွက် သယ်ယူသည့်နေရာ တွင် အခက်အခဲများစွာရင်ဆိုင်ကြရသည်ဟု သိရသည်။

ခိုနူမ်းသုန်မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here