ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့်မတရားအသင်းအဖြစ် အစိုးရ ကြေညာ

0
507

၂၄ မတ် ၂၀၂၀

ရက္ခိုင့်တပ်တော်(AA)/ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့ကို အကြမ်းဖက်အုပ်စုအဖြစ်နှင့်မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်နေ့တွင် အစိုးရက ကြေညာလိုက်သည်။

AA သည် ရခိုင်မြောက်ပိုင်းရှိ ပြည်သူများအားစည်းရုံး၍လည်းကောင်း၊အကြောက်တရားဖြင့် လွှမ်းမိုး၍လည်း ကောင်း၊ဒေသခံများအား အကာအကွယ်ရယူ၍လည်းကောင်း၊တပ်မတော်စစ်ကြောင်းများနှင့်ရဲတပ်ဖွဲ့ဝင်များ၊လုံ ခြုံရေးစခန်းများကို တိုက်ခိုက်ခြင်း၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊အစိုးရဝန်ထမ်းများ၊အပြစ်မဲ့အရပ်သားများကို ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်း၊နှိပ်စက်ခြင်း၊ကျေးရွာများအတွင်း ပစ်ခတ်ခြင်း၊မိုင်းထောင်ဖောက်ခြွဲခင်းများပြုလုပ် လျက်ရှိသည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည်။

ထိုလုပ်ရပ်သည် အများပြည်သူ၏ လုံခြုံရေး၊အသက်အိုးအိမ်စည်းစိမ်ကိုလည်းကောင်း၊အများပြည်သူ သို့မဟုတ် ပုဂ္ဂလိကအတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုလည်းကောင်း၊နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ပစ္စည်းကိရိယာနှင့်အသုံးအေဆာင်များကိုလည်းကောင်း ပြင်းထန်စွာထိခိုက်ဆုံးရှုံး‌စေသည်။

ထို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် AA /ULA ကို အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာ လိုက်သည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတသည် AA/ULA နှင့် အဖွဲ့ဝင်များ၊ယင်းအဖွဲ့၏ လက်အောက်ခံအဖွဲ့၊ယင်းအဖွဲ့နှင့်ဆက် နွှယ်သည့်ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့်လုပ်ရပ်များမှာ နိုင်ငံတော်၏တရားဥပဒေစိုးမိုးေရးကိုလည်းကောင်း၊ အနှောင့်အယှက်အန္တရာယ်ဖြစ်စေသည်ဟု ယုံကြည်ယူဆသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတက AA/ULA နှင့် အဖွဲ့ဝင်များ၊ယင်းအဖွဲ့၏ လက်အောက်ခံအဖွဲ့များအား မတရားအသင်းအဖြစ် ကြေငြာလိုက်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ကြေငြာလိုက်ခြင်းနှင့်ပတ်သက်ပြီး ဒေါ်ခင်စောဝေက “AA ကိုငြိမ်းချမ်းရေးကိုပဲရစေချင်လို့ ငြိမ်းချမ်း ရေးကို တောင်းဆိုနေကြတယ်။ အခုတော့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ဝေးသွားတယ်လို့ ခံစားရတယ်။နောက်တစ်ခါ နှစ်ဘက်တိုက်ပွဲကြားမှာ ညှပ်နေတဲ့ပြည်သူတွေအတွက်လည်း ငြိမ်းချမ်းရေးဝေးသွားတဲ့အတွက် အထူးစိတ်မ ကောင်းဖြစ်တယ်။အခုလိုကြေငြာလိုက်တာ နိုင်ငံရေးဘောင်ကျဉ်းသွားပြီး စစ်ဘောင်ကျယ်လာတယ်။ဒါဟာ ကိုယ်တို့နိုင်ငံအတွက်လည်းမကောင်း၊ပြည်နယ်အတွက်လည်း မကောင်းဘူး”ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်က ပြောသည်။

ယခုကဲ့သို့ကြေငြာလိုက်ခြင်းမှာ AA ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဖိတ်ခေါ်ရန်အစီအစဉ်မရှိတော့သည့် သဘောသက်ရောက်သွားပြီး ငြိမ်းချမ်းရေးနှင့်ဝေးသွား‌စေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် စောဝေက ပြောသည်။

“ဒီလိုကြေငြာလိုက်တဲ့အတွက် ငြိမ်းချမ်းရေးထဲမှာ ဖိတ်ခေါ်မှုမရှိလို့ပဲမြင်တယ်။သူတို့နဲ့ငြိမ်းချမ်းရေးလုပ်ဖို့ မလိုတော့ဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားတယ်။အဲဒါက ကောင်းတဲ့လမ်းစဉ်မဟုတ်ဘူး။ကျမတို့ လိုချင်တာက ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုချင်တယ်။အဲဒါကြောင့် နိုင်ငံရေးစားပွဲဝိုင်းမှာအေြဖရှာဖို့ အမြဲ တမ်း တိုက်တွန်းနေတာ ”ဟု ၎င်းက ဆိုသည်။

AA ကို အကြမ်းဖက်အုပ်စုနှင့်မတရားအသင်းအဖြစ်ကြေငြာလိုက်ခြင်းနှင့်ပတ်သက်ပြီး တပ်မတော်၏သဘော ထားကိုသိရှိရန်အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)အကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး တိုက်ပွဲအရပ်သားထိခိုက်သေဆုံးမှုများမြင့်တက်နေသကဲ့သို့ စစ်ဘေးရှောင်ဦးရေလည်း တစ်သိန်းနှစ်သောင်း ကျော်အထိရှိနေသည်။

ခိုင်ရိုးလ(DMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here