ပလက်၀ စားနပ်ရိက္ခာအခက်အခဲ တပ်ချူပ်ထံ ဟားခါးမြို့မိမြို့ဖများ တင်ပြ

0
204

၁၁ မတ် ၂၀၂၀။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် စားနပ်ရိက္ခာသယ်ယူရေးအခက်အခဲဖြစ်နေသည့်ကိစ္စကို ဖြေရှင်းပေးရန် ချင်းပြည်နယ်သို့ ရောက်ရှိလာသော တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဟားခါးမြို့မိမြို့ဖများက ယနေ့တင်ပြတောင်းဆိုခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေး၊ ကျီကုန်းတပ်နယ်၊ ချင်းပြည်နယ်၊ တီးတိန်မြို့၊ နယ်မြေခံတပ်ဋ္ဌာနာချုပ်နှင့် ဟားခါးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား မတ်လ (၁၀) ရက်နေ့က တွေ့ဆုံပြီးနောက် ယနေ့ နံနက်ပိုင်း (၉) နာရီတွင် ဟားခါးမြို့ မြို့တော်ခန်းမတွင် မြို့မိမြို့ဖများနှင့် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ယင်းလူထုတွေ့ဆုံပွဲတွင် ဟားခါးမြို့မိမြို့ဖများမှ ပလက်၀မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ဘ၀လုံခြုံရေး၊ စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများ ဒုက္ခရောက်သည့်ကိစ္စများ၊ အသက်အိုးအိမ်များအတွက် စိုးရိမ်မှုများနှင့် ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့မှုများကြောင့် စားနှိပ်ရိက္ခာပြတ်လပ်မှုများ ကြုံတွေ့နေရသည့်ကိစ္စတို့ကို တင်ပြခဲ့ကြသည်ဟု ဟားခါးမြို့မိမြို့ဖ ဥက္ကဌ ဦးရှန်မာန်းကပြောသည်။

“ပလက်၀ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးကို အဓိကထားပေးတော့ ကျနော်တို့တင်ပြထားတယ်၊ တစ်ခြားထူးထူးထွေထွေတင်ပြတာသိပ်မရှိဘူး၊ ပလက်၀မှာ လမ်းတွေ၊ ရေကြောင်းလမ်းတွေ ပိတ်ဆို့တဲ့အတွက် စားနပ်ရိက္ခာ မဖူလုံမှု၊ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်နေတယ်ဆိုတာ ကျနော်တို့တင်ပြတယ်၊ အဲဒီဥစ္စာကို အတတ်နိုင်ဆုံး ကျနော်တို့ ကြိုးစားပေးဆောင်ရွက်ပေးနေတယ်လို့ သူကဖြေပေးထားတယ်” ဟု မြို့မိမြို့ဖဥက္ကဌကပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် ချင်းပြည်နယ်သို့ ရောက်ရှိလာသည့်အချိန်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် ချင်းပြည်နယ်၊ ပလက်၀မြို့အနီးတ၀ိုက်တွင် တပ်မတော်နှင့် AA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေသည့်အချိန်ဖြစ်သည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်၀မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်လာသည့်အတွက် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများ ပြတ်တောက်သောကြောင့် ပလက်၀မြို့နယ်တွင် စားနပ်ရိက္ခာသယ်ယူပို့ဆောင်၍ မရတော့သည့်မှာ ယခုဆိုလျှင် တစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။

စားနပ်ရိက္ခာအတွက် ရခိုင်ပြည်နယ်ကို အဓိကမှီခိုအားထားနေရသည့် ပလက်၀မြို့နယ်တွင် ဆန်၊ ဆီ၊ ဆားနှင့် လောင်စာဆီမှအစ ၀င်ရောက်ခြင်းမရှိတော့သည့်အတွက် ယခုအခါ အငတ်ဘေးဆိုက်ရောက်မည့် အနေအထားဖြစ်နေပြီး ဆန်တစ်အိတ်လျှင် ကျပ်ငွေတစ်သိန်း၊ ကျပ်သွန်နီတစ်ပိသာ တစ်သောင်းကျပ်၊ ငရုပ်သီးခြောက်တစ်ပိသာ နှစ်သောင်းကျပ်အထိ မိိုးထိမတတ် ဈေးခုန်တက်သွားခဲ့သည်။

ထို့ကြောင့် ပလက်၀မြို့ရှိ ရပ်မိရပ်ဖများ၊ ဘာသာရေး/သာသနာ့ခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကျောက်တော်နှင့် ဆမီးမြို့များမှ လိုအပ်သော ဆန်နှင့် စားနပ်ရိက္ခာများကို ယခုလအတွင်း ပလက်၀မြို့သို့ သယ်ယူခွင့်ပြုရန် သက်ဆိုင်သူများသို့ မေတ္တာရပ်ခံထားသည်ဟု သိရသည်။

လားနွန် (ခိုနူမ်းသုန်)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here