ညမထွက်ရအမိန့်ကြောင့် ပလက်၀ဒေသ ဘာသာရေး၀တ်ပြုအစည်းအဝေးများ ပိတ်ထားရဟုဆို

0
197
Photo: christianpost.com

Photo: christianpost.com

၁၁ မတ် ၂၀၂၀

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်သည့်နောက်ပိုင်းတွင် ည၀တ်ပြုမှုအစီစဉ်များ ပြုလုပ်၍မရခြင်းကြောင့် ဘုရားကျောင်းအတော်များများ ညပိုင်း၀တ်ပြုမှုအစည်းအဝေးများ ပိတ်ထားကြရသည်ဟု သိရသည်။

ပလက်၀မြို့ပေါ်ရှိ ခရစ်ယာန်သာသနာပြု အမှုတော်ဆောင်ဓမ္မဆရာမောဆက်က “အခု ကျနော်တို့အသင်းတော်ဆိုရင်လည်း အဝေးကနေလာတယ်ဆိုတော့ တနင်္ဂနွေနေ့မနက်ပဲ ၀တ်ပြုလုပ်ရတယ်၊ ညမှာ ၀တ်ပြုလို့မရတော့ဘူး၊ ဘာလို့လဲဆိုတော့ ၀တ်ပြုဖို့ ဘုရားကျောင်းလာတဲ့အချိန်ကတော့ အဆင်ပြေတယ်၊ ပြန်တဲ့အချိန်ကျတော့ နောက်ကျပြီလေ၊ ဒါ့ကြောင့် ၀တ်ပြုချိန်ကို ပိတ်လိုက်ရတာပေါ့၊ ည (၆) နာရီနောက်ပိုင်း အပြင်မထွက်ရဆိုတော့ စနေညလည်း မရတော့ဘူး၊ တနင်္ဂနွေလည်းမရတော့ဘူး၊ ဗုဒ္ဓဟူးလည်းမရတော့ဘူး” ဟုပြောသည်။

ချင်းပြည်နယ်အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးလိုက်သည့်နောက်ပိုင်းကတည်းက နယ်မြေလုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ ပလက်၀မြို့နယ်တွင် ၂၀၁၉ နို၀င်ဘာလ (၉) ရက်နေ့ကစ၍ ညနေ (၆) နာရီမှ နံနက် (၆) နာရီထိ လုံခြုံရေးအရ တာ၀န်ရှိသူမှအပ သွားလာလှုပ်ရှားခြင်းမပြုရန်နှင့် လူ (၅) ဦးထက်ပို၍ စုဝေးခြင်းမပြုလုပ်ရန် ပလက်၀မြို့နယ်၊ အထွေထွေအုပ်ချူပ်ရေးမှူးက အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ညမထွက်ရအမိန့်ကြောင့် ဘာသာရေးပိုင်းဆိုင်ရာတွင် အခက်ကြုံနေကြရသကဲ့သို့ နေ့စဉ်လူနေမှုဘ၀တွင်လည်း ထိခိုက်နစ်နာမှုများရှိသည်ဟု အရပ်ဖက်အဖွဲ့အစည်းတွင် အလုပ်လုပ်ကိုင်နေသူ ပလက်၀ဒေသခံတစ်ဦးကပြောသည်။

“တစ်မြို့နယ်လုံးဆိုတော့ လူတွေက ကသိကအောင့်ဖြစ်နေတာပေါ့၊ လူ (၅) ဦးနဲ့အထက် မစုဝေးရဆိုတော့ CSO, NGO တွေကအစ အဖွဲ့အစည်းအားလုံး ကိုယ်လုပ်ဆောင်ရမယ့်အလုပ်တွေ လုပ်ဆောင်တဲ့နေရာမှာ အဆင်မပြေတော့ဘူး၊ နောက်တစ်ခုက ဒေသခံတွေထဲမှာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့သူတွေရှိတယ်၊ တောင်ယာသွားတဲ့သူတွေရှိတယ်၊ အဲဒါတွေလည်း အဆင်မပြေကြတော့ဘူး” ဟု ပလက်၀ဒေသခံကပြောသည်။

ပလက်၀မြို့နယ်တွင် အကြမ်းဖက်သောင်းကြမ်းသူများမှ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း သာမန်အရပ်သားပြည်သူ အယောင်ဆောင်၀င်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု/ခေါ်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ထိတွေ့တိုက်ပွဲဖြစ်စဉ်အချိူ့တွင် အပြစ်မဲ့အရပ်သားပြည်သူအချိူ့ သေဆုံး/ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ညအချိန် လွတ်လပ်စွာဆက်လက်သွားလာခွင့်ပြုပါက အကြမ်းဖက်မှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်လာဖွယ်ရှိသဖြင့် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို ၂၀၁၉ ခုနှစ်၊ နို၀င်ဘာလ (၉) ရက်နေ့စွဲဖြင့် ပလက်၀မြို့နယ်အုပ်ချူပ်ရေး ဦးကိုးအောင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ညမထွက်ရအမိန့်သည် ထုတ်ပြန်သည့်နေ့ ၂၀၁၉ ခုနှစ်၊ နို၀င်ဘာလ (၉) ရက်မှစ၍ (၂) လကြာမြင့်မည်ဆိုသော်လည်း ယခုတိုင်ပြန်လည်ရုတ်သိမ်းပေးခြင်းမရှိသေးပေ။

ထိုအမိန့်ကြောင့်ပင် ခရစ်ယာန်ဘာသာ၀င်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ခရစ္စမတ်နေ့တွင်လည်း ၀တ်ပြုကိုးကွယ်သည့်အစီစဉ်များ ယခင်နှစ်များကကဲ့သို့ မပြုလုပ်နိုင်ခဲ့သည့်အပြင် အခြားဘာသာရေးပွဲနှင့် နေ့ထူးနေ့မြတ်များကိုလည်းကျင်းပြုလုပ်ရန် အခက်အခဲဖြစ်ခဲ့သည်။

လားနွန် (ခိုနူမ်းသုန်)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here