ပလက်၀တွင် ကျောင်းသား (၅၀၀) နီးပါး စာမေးပွဲဖြေဆိုရန် ပျက်ကွက်

0
115
Photo: chinjournal.com

စစ်မက်ဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်၀မြို့နယ်တွင် တက္ကသိုလ်၀င်တန်းစာမေးပွဲကို စာစစ်ဌာနအသီးသီး၌ ယနေ့စတင်ဖြေဆိုခဲ့ကြသော်လည်း ကျောင်းသားကျောင်းသူ (၅၀၀) နီးပါးက ဖြေဆိုရန် ပျက်ကွက်ခဲ့ကြသည်ဟု သိရသည်။

တက္ကသိုလ်၀င်တန်းစားမေးပွဲကို ယနေ့မတ်လ (၁၁) ရက်နေ့ကစ၍ တစ်နိုင်ငံလုံးတွင် စတင်ဖြေဆိုခဲ့ကြပြီး စာစစ်ဌာန (၅) ခုရှိသော ပလက်၀မြို့နယ်တွင် တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား/ကျောင်းသူ (၂၆၉၀) ရှိသည့်အနက် (၂၂၁၇) ဦးကသာ ဖြေဆိုခဲ့ကြပြီး (၄၇၃) ဦးက ဖြေဆိုရန်ပျက်ကွက်ကြသည်ဟု ပလက်၀မြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

“ကျောင်းတွင်းက ကျောင်းသားတွေအားလုံးတော့ လာရောက်ဖြေဆိုနိုင်ကြတယ်၊ လမ်းပန်းဆက်သွယ်ကြောင့်လည်း ပါမယ်ထင်တယ်၊ အပြင်ဖြေတွေက ပျက်ကွက်တာပိုများတယ်” ဟု ပညာရေးမှူးဆလိုင်းအောင်မင်းကပြောသည်။

ပလက်၀မြို့ပေါ်ရှိ အ.ထ.က (၁) စာစစ်ဌာန (၂) သည် ပျက်ကွက်သူအများဆုံးဖြစ်ပြီး ကျောင်းသား (၂၀၀) ကျော် ပျက်ကွက်ခဲ့သည်ဟုလည်း ပညာရေးမှူးကဆက်ပြောသည်။

ပလက်၀မြို့နယ်သည် ချင်းပြည်နယ်ရှိ မြို့နယ်များအလုံးတွင် တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ အများဆုံးဖြစ်သည်။

ယခုကဲ့သို့ စာမေးပွဲဖြေဆိုရန် ပျက်ကွက်မှုများရသည့်အကြောင်းရင်းကိုမူ မသိရသော်လည်း မြန်မာ့တပ်မတော်နှင့် ရကိ္ခုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လုံခြုံရေးအခြေအနေအရ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် ပလက်၀အကြား ရေလမ်းကြောင်းများ ပိတ်ထားရသည့်အခြေအနေ ဖြစ်နေသည့်အပြင် ပလက်၀မြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တွင် တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၄၁၇၇) ရှိသည့်အနက် (၁၂၃၇၄) ဦးကဖြေဆိုခဲ့ကြပြီး ကျောင်းသား/ကျောင်းသူ (၁၀၈၃) ဦးက ဖြေဆိုရန်ပျက်ကွက်သည်ဟု သိရသည်။

လားနွန် (ခိုနူမ်းသုန်) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here