ဒေသတွင်း လုံခြုံရေးအခြေအနေကြောင့် ကုလားတန်စီမံကိန်း ရှေ့မဆိုင်တော့ဟု ချင်းအစိုးရအဖွဲ့ ပြောပြီ

0
132

မတ် ၆ ရက် ၂၀၂၀

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် နိုင်ငံတော်အဆင့်မှ လုံခြုံရေးသေချာမလုပ်ပေးပါက အိနိ္ဒယ-မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်နေသော ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း ရှေ့ဆက်ရန်မဖြစ်နိုင်တော့ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ကပြောသည်။

ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ပလက်၀နှင့် မီဇိုရမ်ပြည်နယ်၊ ဇိုးရင့်ပွီးအကြား ကားလမ်းဖောက်လုပ်ရေးလုပ်ငန်းခွင်တွင် အသုံးပြုမည့် လောင်စာဆီနှင့် ဆန်၊ ဆီ၊ ဆားစသည့် စားနပ်ရိက္ခာများကို ပခုက္ကူ-မင်းတပ်-မတူပီ လမ်းဘက်မှ သယ်ဆောင်လာသော (၁၂) ဘီးယာဉ်တစ်စီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၉) ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ၂၀၂၀ ခုနှစ် မေလအတွင်း အပြီးသတ်ရန်လျာထားသည့် ပလက်၀-ဇိုးရင့်ပွီးကားလမ်းသည်လည်း သတ်မှတ်ရက်အတွင်း မပြီးမြောက်နိုင်တော့ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်၀န်ကြီး ဦးစိုးထက်ကပြောသည်။

“နိုင်ငံတော်အဆင့်ကနေ လုံခြုံရေးကို သေချာမလုပ်ပေးဘူးဆိုလို့ရှိရင် ဒါကဆက်လုပ်လို့မရဘူး၊ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး၊ တပ်မတော်ကလွဲပြီးတော့ ကျန်တဲ့ဌာနဆိုင်ရာတွေက ဘာမှလုပ်ပေးလို့မရဘူး” ဟု ၀န်ကြီးကပြောသည်။

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန်လာသည့်အတွက် ယခုလက်ရှိတွင် ကျောက်တော်-ပလက်၀အကြား ရေလမ်း၊ ကုန်းလမ်း နှစ်တန်စလုံး ပိတ်ထားရသည့်အခြေအနေဖြစ်ပြီး ကုန်စည်စီးဆင်းမှုများမရှိသည့်အတွက် ပလက်၀မြို့နယ်တွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အပြင် ရိက္ခာပြတ်လပ်သည့်အနေအထားဖြစ်နေပြီဟု သိရသည်။

ထို့အပြင် ယခုလက်ရှိ ပလက်၀မြို့တွင် ဒီဇယ်ဆီပြတ်လုနီးပါးဖြစ်နေသည့်အတွက် လျှပ်စစ်မီးများ ပေးနိုင်တော့မည်မဟုတ်ပဲ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအတွက် စာကျက်ရန် လျှပ်စစ်မီးအခက်အခဲကြုံလာနိုင်သည်ဟု ခူမီးချင်းမျိူးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ဥက္ကဌ ဦးကျော်ငြိမ်းကပြောသည်။

“မြန်မာ့တပ်မတော်ဖြစ်ပါစေ၊ AA တပ်ဖွဲ့ဖြစ်ပါစေ၊ ပလက်၀ဒေသရဲ့ စား၀တ်နေရေးအခက်အခဲတွေကို လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် သွားလာခွင့်ပြုဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်၊ ဒေသခံပြည်သူများရဲ့ အခက်အခဲမျိူးစုံကို ကူညီဖြေရှင်းပေးဖို့လိုပါတယ်၊ မကြာခင်မှာ ၁၀ တန်းစာမေးပွဲက စစ်တော့မှာ၊ ဒီဇယ်ဆီကလည်း ပြတ်လတ်နေပြီ၊ ကျွန်တော်တို့ဘက်မှာက မဟာဓာတ်အားလိုင်းလည်းမရဘူး၊ ဒီဇယ်ဆီကလည်း တစ်ရက်နှစ်ရက်ဆိုကုန်တော့မယ်ပြောတယ်၊ ဒေသခံပြည်သူတွေရဲ့ ဒုက္ခအ၀၀ကို ကူညီဖြေရှင်းဖို့ ပြည်နယ်အစိုးရမှာ တာ၀န်ရှိပါတယ်’’ ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်၀န်ကြီး ဦးစိုးထက်က ပလက်၀ဒေသသည် စစ်မက်ဖြစ်ပွားရာဒေသဖြစ်နေသည့်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘာမှလုပ်ဆောင်၍ မရတော့ကြောင်း၊ ပြည်ထောင်စုအဆင့်ကသာ လုပ်ဆောင်ပေးနိုင်သည့်အနေအထားဖြစ်နေပြီဟု ပြောသည်။

“ကျွန်တော်တို့ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုံခြုံရေးကိစ္စဖြစ်တဲ့အတွက် ဘာမှလုပ်ပေးလို့မရဘူး၊ ပြည်ထောင်စုကနေ ထောက်ပံ့တဲ့ပိုက်ဆံတွေရှိတယ်၊ ချင်းပြည်နယ်အစိုးရက ထောက်ပံ့တဲ့ပိုက်ဆံတွေရှိတယ်၊ ပြည်သူလူထုကနေ ထောက်ပံ့တဲ့ဗိုက်ဆံတွေရှိတယ်၊ အဲဒါတွေနဲ့ ဆန်၊ ဆီ၊ ဆား အကုန်၀ယ်ပြီးပြီ၊ အဆင်သင့်ဖြစ်နေပြီ၊ စစ်တွေ၊ ကျောက်တော်၊ ပလက်၀လမ်းကနေ လုံခြုံရေးပေးနိုင်လို့ရှိရင် ရိက္ခာတွေကို ပလက်၀အရောက်သွားမယ်၊ ရေလမ်းကအဆင်မပြေရင် ကုန်လမ်း မတူပီ-ပလက်၀ဘက်ကနေလည်း လုံခြုံရေးပေးနိုင်ရင် ပို့လို့ရတယ်၊ လုံခြုံရေးသာကောင်းရင် ဘယ်လမ်းကဖြစ်ဖြစ် အကုန်ပို့မယ်၊ အခုက လုံခြုံရေးမပေးနိုင်တဲ့အခါကျတော့ ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူး၊ ချင်းပြည်နယ်အစိုးရက ဘာမှလုပ်ပေးလို့မရတော့ဘူး၊ နိုင်ငံတော်အဆင့်ကပဲ ကူညီပေးဖို့ရှိတော့တယ်’’ ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။

ရကိ္ခုင့်တပ်တော် (AA) တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ရခိုင်ပြည်နယ်၊ ကျောက်တော်မှ ပလက်၀ဘက်သို့ ရိက္ခာသယ်ယူသည့်ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ကန့်သတ်ခြင်းမျိုးမရှိကြောင်း ခိုနူမ်းသုန်မီဒီယာအဖွဲ့ကိုပြောသည်။

“ကျွန်တော်တို့ ဒီအရပ်သားပြည်သူတွေအတွက် သယ်ယူမယ့် ရိက္ခာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်ကတော့ ဘာမှကန့်သတ်ထားတာမရှိဘူး၊ ကျွန်တော်တို့အရင်ကလည်း ကြေညာချက်ထုတ်ပြန်ပြီးသား၊ ဘယ်သူမဆို ဒါပြည်သူလူထုအတွက် အခြေခံစားသုံးကုန်တွေကို သယ်ယူမယ်ဆိုလို့ရှိရင် သယ်ယူဖို့အတွက် ကျွန်တော်တို့က အကူညီတောင်မှပေးအုံးမယ်၊ ကျွန်တော်တို့ဘက်က ထုတ်ပြန်ချက်ထုတ်ထားတာရှိတယ်” ဟု ဦးခိုင်သုခကပြောသည်။

ကုလားတန်ဖွံဖြိုးရေးစီမံကိန်းအတွက် အသုံးပြုမည့် လောင်စာဆီနှင့် ရိက္ခာများသယ်လာသည့် (၁၂) ဘီးယာဉ် မီးရှို့ခံရသည့်ကိစ္စအပေါ် ဦးခိုင်သုခက “ကျွန်တော့်ဆီကိုတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာသတင်းမှတက်မလာပါဘူး၊ ဒါပေမဲ့လို့ ဒီစစ်ဖြစ်နေတဲ့နေရာမှာ တစ်ခုခုသယ်ယူမယ်ဆိုလို့ရှိရင် သေချာသတင်းပေးပြီးမှသွားလာကြဖို့၊ ကျွန်တော်တို့ဘက်ကနေပြီးတော့ အကြိမ်ကြိမ်ထုတ်ပြန်ချက်တွေလည်း ထုတ်ထားတာရှိတယ်၊ အဲဒီစစ်ဖြစ်နေတဲ့နေရာမှာ ဘာမှကြိုတင်သတင်းပေးမှုမရှိပဲနဲ့ ၀င်လာလို့ရှိရင်လည်း မြေပြင်တပ်ဖွဲ့တွေကတော့ သူတို့လုံခြုံရေးအရ သူတို့လိုအပ်တဲ့၊ သင့်တော်တဲ့ လုပ်ဆောင်မှုတွေ လုပ်နိုင်တာတော့ရှိတယ်” ဟု ခိုနူမ်းသုန်မီဒီယာအဖွဲ့ကိုပြောသည်။

ပလက်၀မြို့နယ်သည် ယခုလက်ရှိတွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အပြင် အင်တာနက်လိုင်းများကိုလည်း ဖေဖော်ဝါရီလ (၃) ရက်နေ့မှစတင်ကာ ပြန်လည်ဖြတ်တောက်ခံထားရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here