စာမေးပွဲကာလအတွင်း လျှပ်စစ်မီးအခက်အခဲကြောင့် ကျောင်းသားကျောင်းသူများ ပညာရေးထိခိုက်မည်ကို ပလက်၀ ပညာရေးမှူးစိုးရိမ်

0
184

မတ် ၅ရက် ၂၀၂၀
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်၀မြို့နယ်တွင် လောင်စာဆီပြတ်လပ်မှုကြောင့် မကြာခင်ရက်ပိုင်းအတွင်း လျှပ်စစ်မီးပေးနိုင်တော့မည်မဟုတ်သည့်အတွက် တမြို့လုံး အမှောင်ကျကိန်းဆိုက်နေပြီး တက္ကသိုလ်၀င်တန်းဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် စိုးရိမ်ပူပန်နေကြသည်ဟုသိရသည်။

ပလက်၀မြို့နယ်သည် မဟာဓာတ်အားလိုင်းမရောက်ရှိသေးသည့်အတွက် လျှပ်စစ်ဌာနမှ ဒီဇယ်ဆီကိုအသုံးပြု၍ လျှပ်စစ်မီးဖြန့်ဖြူးပေးလေ့ရှိသည်။

သို့သော်လည်း ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်နှင့် ရကိ္ခုင့်တပ်တော် (AA) တပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် ဆက်သွယ်ရေးလမ်းကြောင်းများ အကုန်ပြတ်တောက်သွားပြီး ပလက်၀မြို့နယ်သို့ စားနပ်ရိက္ခာနှင့် လောင်စာဆီများ ပြတ်လုနီးပါးဖြစ်ခဲ့ရသည်။

ထို့အတွက်ကြောင့် ယခင်က တစ်ရက်လျှင် (၄) နာရီခန့်ဖြန့်ဖြူးပေးသည့် လျှပ်စစ်မီးကို ယခုအခါ (၂) နာရီခန့်သာ ပေးနိုင်တော့သည့်အတွက် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် စာကျက်ချိန်နည်းပါးပြီး ပညာရေးထိခိုက်မည်ကို စိုးရိမ်နေကြရသည်ဟု ပလက်၀မြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

“ကျနော်တို့ ခါတိုင်းဆိုရင် စာမေးပွဲမဖြေခင်တစ်လလောက်အလိုမှာ ညစာကျက်၀ိုင်းတွေ လုပ်ပေး လေ့ရှိတယ်၊ ခုတော့ ညမထွက်ရအမိန့်ကြောင့် စာကျက်၀ိုင်းတွေလည်း လုပ်လို့မရတော့ဘူး၊ ခုဆိုရင် လျှပ်စစ်မီးကလည်း ကြည့်ရတာနည်းသွားပြီ၊ ည ၇ နာရီနဲ့ ၉ နာရီကြားပဲရတာဆိုတော့ သိပ်ပြီး တော့ အဆင်မပြေတော့ဘူး၊ ကလေးတွေအတွက်တော့ စာဖတ်ချိန်နည်းသွားတာပေ့ါ၊ ခါတိုင်းဆိုရင် ကျနော် တို့ ညနေပိုင်းရော၊ မနက်ပိုင်းရော စာမေးပွဲနီးပြီဆိုရင်တော့ ၂ ကြိမ်မီးပေးတယ်၊ ဒီနှစ်က ဆီမရှိတော့ ညပိုင်းလေးတောင် ပုံမှန်မပေးနိုင်တော့ဘူး” ဟု ပညာရေမှူးဆလိုင်းအောင်မင်းက ပြောသည်။

မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စက်လှေနှင့်မော်တော်ယာဉ်လိုင်းများ မပြေးဆွဲရဲသည့်အတွက် ကျောက်တော်-ပလက်၀ ရေလမ်း၊ ကုန်လမ်းများ ယာယီရပ်ဆိုင်းထားရပြီး ပလက်၀မြို့နယ်သို့ မည်သည့်ကုန်ပစ္စည်းမျှ ၀င်ရောက်နိုင်ခြင်းမရှိသည်မှာ တစ်လကျော်နေပြီဖြစ်သည်။

ထို့ကြောင့် ပလက်၀မြို့နယ်သည် စားနပ်ရိက္ခာပြတ်လပ်နေသည့်အပြင် လောင်စာဆီပါမရှိတော့သည့်အ တွက် တစ်မြို့လုံးအမှောင်ကျရောက်မည့်အခြေအနေဖြစ်နေသည်ဟု ပလက်၀ဒေသခံတစ်ဦးက ပြောသည်။

“အခုကျနော်တို့ လျှပ်စစ်မီးက ၂ နာရီပဲပုံမှန်ရနေတယ်၊ ဒီနေ့တစ်ညပဲ ရတော့မယ်လို့ ကြားထားတယ်၊ ပြောကြတယ်၊ မနက်ဖြန်ဆိုရင်တော့ ရတော့မှာမဟုတ်ဘူး၊ ဒါပေမဲ့ အခု EPC ကနေ ကြိုးစားနေ တယ်လို့ သိရတယ်၊ ဘယ်နေ့ဘယ်ရက်မှာရောက်မယ်ဆိုတာတော့ မသိဘူး၊ ဒီမှာ မြို့နယ်အစီအစဉ် လေးနဲ့ အမှောင်ကြီးမဖြစ်အောင်ဆိုပြီးမှ လုပ်ငန်းရှင်တွေဆီကနေ အကူအညီတောင်းပြီးမှ ပေးနေရတဲ့အခြေအနေဖြစ်နေရတယ်၊ အခုလက်ရှိ” ဟု အဆိုပါပလက်၀ဒေသခံကပြောသည်။

ပလက်၀မြို့နယ်တွင် စားနပ်ရိက္ခာနှင့် လောင်စာဆီပြတ်လပ်သည့်ကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်၀န်ကြီးဦးစိုးထက်ကတော့ အစိုးရအနေဖြင့် စာနပ်ရိက္ခာများ ထောက်ပံ့ပေးရန် အဆင်သင့်ဖြစ်နေသော်လည်း နို်င်ငံတော်အဆင့်မှ လုံခြုံရေးမပေးနိုင်သည့်အတွက် မည်သည့်လမ်းကြောင်းကမှ ပလက်၀သို့ ရိက္ခာများပို့ဆောင်၍ အဆင်မပြေနိုင်ကြောင်း ပြောဆိုပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here