ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရန် အရပ်သားအစိုးရအောက် လုံခြုံရေးတပ်ဖွဲ့အားလုံး ထားရှိရေးမူချမှတ်ရန် CNF တိုက်တွန်း

0
137

၂၀ ဖေဖော်ဝါရီလ ၂၀၂၀

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်နိုင်ရန် ဒီမိုကရေစီစနစ်အခြေခံမူများထဲတွင် အရေးကြီးဆုံးတစ်ခုဖြစ်သည့် လုံခြုံရေးတပ်ဖွဲ့အားလုံးကို အရပ်သားအစိုးရလက်အောက်သို့ ထားရှိနိုင်ရေးအခြေခံမူချမှတ်နိုင်ရန်လိုကြောင်း ယနေ့ကျရောက်သော (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့တွင် ချင်းအမျိူးသားတပ်ဦး (CNF) ဒု-ဥက္ကဌ (၂) ဒေါက်တာဆလိုင်းလျန်မှုန်ဆာခေါင်က ပြောဆိုလိုက်သည်။

ချင်းပြည်နယ် ထန်တလန်မြို့တွင် ပြည်နယ်အဆင့်ဖြင့် ကျင်းပလျက်ရှိသည့် (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့ အခမ်း အနားတွင် ချင်းအမျိူးသားတပ်ဦး (CNF) ဒု-ဥက္ကဌ (၂) ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က မိန့်ခွန်းပြောကြားရာတွင် တစ်ဆို့နေသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က “ပင်လုံစာချူပ်ရဲ့ အပိုဒ် (၇) ဖြစ်တဲ့ ဒီပြည်ထောင်စုကြီးဟာ ဒီမိုကရေစီနိုင်ငံ ရေးစနစ်ကို ကျင့်သုံးရမယ်ဆိုတဲ့ဟာ ယနေ့ထိ မကျင့်သုံးနိုင်သေးဘူး အဲဒီဟာကို အကောင်အထည်ဖော်ဖို့အတွက် NCA စာချူပ်မှာ ပါတဲ့အတိုင်း ဒီပြည်ထောင်စုကြီးကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံပြီးတော့ ထူထောင်ရမယ်ဆို ပြီးတော့ သဘောတူထားတဲ့အတိုင်း ဒီမိုကရေစီအခြေ ခံမူထဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ လုံခြုံရေးတပ်ဖွဲ့အားလုံးသည် အရပ်သားအစိုးရလက်အောက်မှာထားရှိရမယ်ဆိုတဲ့ ဒီမိုကရေစီအခြေခံမူကြီးချမှတ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးဟာ အောင်မြင်မယ်ဆိုတာ ကျနော်အသေချာပြောချင်ပါတယ်’’ ဟုပြောကြားခဲ့သည်။

ထို့အတွက်ကြောင့် လုံခြုံရေးတပ်ဖွဲ့အားလုံး အရပ်သားအစိုးရလက်အောက်တွင်ထားရှိနိုင်ရေးအကောင်အထ ည်ဖော်ဆောင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း လမ်းညွန်ချက်ပေးထားပြီးဖြစ်၍ တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချူပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များမှ အဲဆိုပါအခြေခံမူကို ချမှတ်ဆောင်ရွက်ရန်လိုအပ်သည်ဟု ၎င်းကဆက်ပြောသည်။

“ဒီမိုကရေစီအခြေခံမူဖြစ်တဲ့ လုံခြုံရေးတပ်ဖွဲ့အားလုံး အရပ်သားအစိုးရလက်အောက်မှာထားရမယ်ဆိုတဲ့ဟာ ကျနော်တို့ အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ လမ်းညွန်ချက်အားလုံးပေးနေပြီဖြစ်ပါတယ်။ ထို့အတွက်ကြောင့် တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချူပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နဲ့တကွ တိုင်းရင်း သားလက်နက်ကိုင်းအဖွဲ့အစည်း အသီးသီးရဲ့ခေါင်းဆောင်များက အဲဒီလုံခြုံရေးတပ်ဖွဲ့အားလုံးသည် အရပ်သားအစိုးရလက်အောက်မှာထားရမယ်ဆိုတဲ့ ဒီမိုကရေစီအခြေခံမူချမှတ်ပေးဖို့ဆောင်ရွက်ပေးကြပါလို့ ချင်းအမျိူးသားနေ့ စင်မြင့်ပေါ်ကနေ မေတ္တာရပ်ခံလိုပါတယ်’’ ဟု ချင်းအမျိူးသားတပ်ဦး ဒု-ဥက္ကဌ(၂)ကပြောသည်။

အကယ်၍ အဆိုပါအခြေခံမူကို မချမှတ်နိုင်ပါက လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းဆိုသည့် (Disarmament, Demobilization and Reintegration DDR/ Security Sector Reform SSR) ကို ဖော်ဆောင်နိုင်မည် မဟုတ်သည့်အတွက် ပြည်တွင်းစစ်လည်းချူပ်ငြိမ်းနို်င်မည်ဟုတ်ကြောင်း သူကဆက်ပြောသည်။

“အဲဒီအခြေခံမူသာမရရင် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့ (DDR/SSR) ကိုဆောင်ရွက်လို့ရမှာမဟုတ်ဘူး DDR/SSR ဆိုတဲ့ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းကိုမဆောင်ရွက်နိုင်ဘူးဆိုရင် ပြည်တွင်းစစ်ချူပ်ငြိမ်း နိုင်မှာမဟုတ်ဘူး’’ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်ကပြောသည်။

DDR/SSR ဆိုသည်မှာ တိုင်းရင်းသားလက်ကိုင်တပ်ဖွဲ့များ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းခြင်းနှင့် လုံခြုံရေးကဏ္႑ပြုပြင်ပြောင်းလဲရေးဖြစ်ပြီး၊ လုံခြုံရေးကဏ္႑ဆွေးနွေးရာတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရ၊ စစ်တပ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အကြား အမြင်မတူမှုများရှိနေသည်။

ထန်တလန်မြို့တွင် ပြည်နယ်အဆင့်ဖြင့် ယနေ့ကျင်းပပြုလုပ်သည့် (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့အခမ်းအနားတွင် နို်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်လာပြီး မိန့်ခွန်းပြောကြားခဲ့သည်။

ခိုနူမ်းသုန် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here