သမိုင်း‌ကြောင်းအရ ရန်ကုန်တိုင်းအစိုးရအဖွဲ့အတွင်း မွန်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ပါး ထားရှိသင့်ဟု အဆိုပြု

0
354
ရန်ကုန်တိုင်းဝန်ကြီးချုပ်အား မွန်စာပေယဉ်ကျေးမှုကော်မတီဥက္ကဌက မွန်ကျောက်စာအကြောင်း ရှင်းလင်းပြသစဉ်(Nai Soe Aung)

ဥက္ကလာပတိုင်းဟုခေါ်သော ယနေ့ရန်ကုန်တိုင်းဒေသကြီးသည် မွန်လူမျိုးတို့၏ မူလဌာနေဖြစ်သည့်အတွက် မွန်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ထားရှိသင့်ဟု တိုက်တွန်းကြောင်း မွန်စာပေယဉ်ကျေးမှုကော်မတီ(ရန်ကုန်) ဥက္ကဌ နိုင်စိုးအောင်က ဖေဖော်ဝါရီ (၉) ရက်နေ့တွင်ကျရောက်သည့် (၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား(ရန်ကုန်မြို့) ၌ တိုက်တွန်းပြောကြားခဲ့သည်။

နိုင်စိုးအောင်က “ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမာရွတ်၊ အင်းစိန်၊ တာမွေစသည့်မြို့အမည် ၂၁ မြို့၊ ကမာတကော၊ ကလီထော၊ လဂွန်းဗျည်း စသည့်ကျေးရွာအမည် ၁၅၀ ကျော်၊ ကန်ဘဲ့၊ ဘောက်ထော်၊ ဗားကရာ စသည့် ရပ်ကွက်အမည် ၂၀ ကျော်၊ ကျိုက်ဒဂုင်၊ ကျိုက်ဝိုင်း၊ ကျိုက်ကဆံ စသည့် ၇၀ ရာခိုင်နှုန်းကျော်သော ရှေးဟောင်းစေတီပုထိုးအမည်များမှာ မွန်အမည်များဖြစ်ကြောင်း သုတေသနပြုချက်အရ သိရှိရပါတယ်၊ မူလပိုင်ရှင်တိုင်းရင်းသားဖြစ်ကြသည့် အိမ်ရှင်မွန်လူမျိုးများအတွက် တိုင်းဒေသကြီးကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦး(မွန်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး)အား ရခိုင်နှင့် ကရင်လူမျိုးများကဲ့သို့ ထားရှိသင့်ပါကြောင်း ကျနော့်အနေဖြင့် မွန်လူမျိုးများ ကိုယ်စား အဆိုပြုပါရစေ” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ရင်ပြင်၌ ကျင်းပသည့် အဆိုပါ မွန်အမျိုးသားနေ့အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ တက်ရောက်ခဲ့သည်။

ဝန်ကြီးချုပ်က “အခုလို မွန်အမျိုးသားတို့ရဲ့ အမျိုးသားနေ့အခါသမယမှာ တကယ့်ကိုတန်ဖိုးကြီးမားလှတဲ့ မွန်တို့ရဲ့သမိုင်း မွန်တို့ရဲ့ယဉ်ကျေးမှု မွန်တို့ရဲ့ဓလေ့ထုံးဓမ်းအစဉ်အလာေတွ နောင်မျိုးဆက်ကို လက်ဆင့်ကမ်းပေးနိုင်ဖို့အတွက် စာပေယဉ်ကျေးမှုအသင်းအဖွဲ့ကနေတဆင့် နောင်မျိုးဆက်ကို သင်ကြားပေးဖို့ လိုအပ်ပါတယ်”ဟု အခမ်းအနားစင်မြင့်တွင် မိန်းခွန်းပြောကြားခဲ့သည်။

အလားတူ မော်လမြိုင်မြို့၌ ကျင်းပသည့် မွန်အမျိုးသားနေ့ ဗဟို နံနက်ပိုင်းအခမ်းအနား၌ သဘာပတိ ဘဒ္ဒန္တ ကေတုမာလာ(ကော့ပလိုင်ဆရာတော်) က လက်ရှိ မိမိတို့မွန်တိုင်းရင်းသားတို့ဘဝမှာ အခြားလူမျိုးတို့၏ ဝါးမြိုမှုခံနေရသည်ကို သတိမမေ့သင့်ကြောင်း သတိပေးပြောကြားခဲ့သည်။

“ လူသားရယ်လို့ဖြစ်လာကတည်းက လွတ်လပ်တဲ့ သခင်လိုဘဝမျိုးကို တစ်စက္ကန့်လေးတောင်မှ မခံစားရသေးဘူးဆိုတာကို မိမိတို့မွန်လူမျိုးတွေ သတိမမေ့ကြဖို့ ပြောလိုပါတယ်” ဟု ဆရာတော် မိန့်ခွန်းမြွက်ကြားခဲ့သည်။

ထို့အတူ အနာဂတ်ခေါင်းဆောင်များဖြစ်လာကြမည့် မွန်လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကင်းဝေးစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း မော်လမြိုင်မြို့ မွန်အမျိုးသားနေ့ ဗဟို ညပိုင်းအခမ်းအနား၌ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက မိန့်ခွန်းတက်ရောက်ပြောကြားသည်။

(၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားများကို ရန်ကုန်မြို့၊ မော်လမြိုင်မြို့တို့အပြင် မွန်လူမျိုးများနေထိုင်ကြသည့် မြို့နယ်နှင့် ကျေးရွာများအသီးသီးနှင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများ၌ စည်ကားစွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ဗညားအောင် (MNA) – ရေးသည်

LEAVE A REPLY

Please enter your comment!
Please enter your name here