AA ဖမ်းထားသည့် NLD ကိုယ်စားလှယ်သုံးဦး လွတ်မြောက်ရေး တပ်နှင့် အစိုးရ ပူးပေါင်းလုပ်ဆောင်နေဟုဆို

0
206

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည့် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ကိုယ်စားလှယ်လောင်း ၃ ဦး အမြန်ဆုံးလွတ်မြောက်ရေးနှင့်ပတ်သက်၍ တပ်မတော်နှင့်အစိုးရ ပူးပေါင်း လုပ်ဆောင်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ဖမ်းဆီးခံထားရသောစစ်သည်များ၊ ပြည်သူများ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ဖြစ်စေ တပ်မတော်အနေဖြင့် မည်သည့်အခါမှလျစ်လျူရှုထားခြင်းမရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာ ၂၄ရက် ၊ နေပြည်တော်တွင်ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ကျနော်တို့က သတင်းစုံစမ်းထောက်လှမ်းတာတွေ၊ လိုအပ်တဲ့ လုံခြုံရေးဆောင်ရွက်တာတွေ၊ လိုအပ်တဲ့ စစ်ဆင်ရေးဆောင်ရွက်တာတွေကို ကျနော်တို့ဆောင်ရွတ်လျက်ရှိပါတယ်။ သတင်းရလာလို့ရှိရင် ကျနော်တို့ အနေနဲ့ စစ်ဆင်ရေးအရ ဝင်ရောက်ဆောင်ရွက်တာတွေ၊ လုပ်ဆောင်နေတာတွေရှိပါတယ်။ ဒါတွေကတော့ ကျနော်တို့အနေနဲ့ စဉ်ဆက်မပြတ်ဆောင်ရွတ်လျှက်ရှိတယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။

တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းအောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် တောင်ကုတ်မြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် AA မှ ဖမ်းဆီး ခြင်းကို ခံလိုက်ရသည်။

ရက္ခိုင့်တပ်တော်(AA)က ၎င်းတို့သုံးဦးကို စစ်ဆေးမေးမြန်းရန်ခေါ်ယူထားခြင်းဖြစ်ပြီး အခြေအနေ လိုအပ်ချက် အရ ကာလတစ်ခုအထိ ထိန်းသိမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံမှာ ကိုယ့်ရည်မှန်းချက်နှင့်ကိုယ် လျှောက်လှမ်းနေသည့် EAOs အဖွဲ့များရှိပြီး ယင်းအဖွဲ့များသည် AA လိုအစွန်းမရောက်ခြင်း၊ ပြည်သူလူထုအပေါ်နှိပ်စက်ခြင်း စသည်တို့ ပြုလုပ်ခြင်းမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

“ဘယ်သူပဲ အဖမ်းခံရသည်ဖြစ်စေ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ခြိမ်းခြောက်တာပဲဖြစ်တယ်။ ပြည်သူ လူထုကို ခြိမ်းခြောက်ဖမ်းဆီးတာပဲဖြစ်တယ်။ဒါတွေဟာ လုပ်သင့်တဲ့ အလုပ်မဟုတ်ဘူးဆိုတာတော့ ပြောလို တယ်”ဟု ၎င်းက ဆက်လက်၍ ဆိုသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် အစိုးရနှင့် တပ်မတော်တို့၏ အမြစ်ပြတ်ချေမှုန်းရေးထိုးစစ်အား ညီနောင်မဟာမိတ်များ၊ ရခိုင် ပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲ၍ ခုံခံတိုက်ခိုက်နေရသော်လည်း တွေ့ဆုံဆွေးနွေးမှုဖြင့်သာ လက်ရှိ ရင်ဆိုင်နေရသည့် နိုင်ငံရေးအကျပ်အတည်းများကို ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း AA က ထုတ်ပြန်ထားသည်

“ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကိုအမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အတွက်နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့အသင့်ရှိတယ်” ဟု AA ၏ ထုတ်ပြန်ချက်မှာ ဆိုထားသည်။

အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တံခါးဖွင့်ထားပြီး ယင်းလမ်းကြောင်းကိုဝင်ရောက်ရန် AA အနေဖြင့် ပြည်ထောင်စု ပြိုကွဲစေသည့်အရာ၊တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေသည့်အရာများကို ရှောင်ရှားဖို့လို အပ်ပြီး ၎င်းတို့၏မူဝါဒကိုပြန်လည် သုံးသပ်ဖို့လိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

အောင်ထိန် (DMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here