ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေး မလုပ်ဆောင်နိုင်ပါက ပဋိပက္ခ ပိုပြင်းထန်လာနိုင်ကြောင်း တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုး သုံးသပ်

0
118

၂၃ အောက်တိုဘာ ၂၀၂၀

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာပြီး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၎င်းတို့၏ ကိုယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၁ ရက်နေ့ က ထုတ်ပြန်တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

NLD ၏ ကြေညာချက်ထဲတွင် “AA အကြမ်းဖက်အဖွဲ့အစည်း၏ ထုတ်ပြန်ချက်ပါ အချက်အလက်များမှာ တစ်ဖက်သတ် ကောက်ချက်ချမှုများသာ ဖြစ်ပြီး AA အဖွဲ့၏ လုပ်ရပ်များသည် နောင်အနာဂတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ကြီးမားသော အဟန့်အတား တစ်ခုဖြစ်လာနိုင်ပါသည်” ဟု ထည့်သွင်း ဖော်ပြထားသည်။

ထို့ကြောင့် AA က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် NLD က ၎င်းတို့၏ ကြေညာချက်ထဲတွင် တောင်းဆိုထားသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၈၈ ခုနှစ် ပါတီ စတင်တည်ထောင်စဉ်ကပင် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမည်ဟု လည်းကောင်း၊ ပြည်ထောင်စု မြန်မာ နိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရန်ကို လည်းကောင်း ရည်မှန်းချက်များ ခိုင်မာစွာ ချထားပြီး ဖြစ်သည်ဟု NLD က ဆိုသည်။

NLD အစိုးရ တာဝန်ယူသည့် အချိန်မှစ၍ ၂၁ ရာစုပင်လုံ ညီလာခံများ အကြိမ်ကြိမ် ကျင်းပခဲ့ရာ ပြီးခဲ့သော စတုတၳအကြိမ် ညီလာခံတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အဆင့်ရောက်ရန် လိုအပ်မည့် ဘုံသဘော တူညီချက်များ ဖော်ထုတ် အတည်ပြုနိုင်ခဲ့ပါသည်ဟု NLD ၏ ကြေညာချက်ထဲတွင် ထည့်သွင်းထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေလျော့ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း များက အပစ်အခတ် ရပ်စဲရေးကို လုပ်ဆောင်နိုင်ခြင်း မရှိပါက ပဋိပက္ခများမှာ လက်ရှိ အနေအထားထက် ပို၍ ပြင်း ထန်လာနိုင်သည်ဟု တိုင်းရင်းသား အရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ယခုဖြစ်စဉ်နှင့် ပတ် သက်၍ သုံးသပ်ပြောဆိုသည်။

ဦးမောင်မောင်စိုးက “NLD အနေနဲ့ ဒီနှစ်ထဲမှာ မတ်လလောက်ထဲမှာ အကြမ်းဖက်အဖွဲ့ ကြေညာတာတွေ အကြမ်းဖက်နိုင်နင်းရေး လုပ်နေတဲ့ တပ်မတော်ကို ဂုဏ်ပြုတာတွေလည်း လုပ်နေတာလည်းရှိတယ်။ အဲဒီ အခါကျတော့ တစ်ဖက်နဲ့ တစ်ဖက်က ပြင်းပြင်းထန်ထန် တုန့်ပြန်လာတာကိုး၊ ပြင်းပြင်းထန်ထန် တုန့်ပြန်လာ တဲ့ အခြေအနေက ဘယ်လိုဖြစ်သွားလည်းဆိုတော့ သမိုင်းမှာ ရှိခဲ့တဲ့ ဟာမိုရာဘီ ဥပဒေသလိုပေါ့ မျက်လုံး တစ်လုံး အတွက် မျက်လုံးတစ်လုံး သွားတစ်ချောင်းအတွက် သွားတစ်ချောင်း တုန့်ပြန်နေတဲ့ဆိုတာမျိုး အဆင့်ရောက် လာတာတို့ အဲလိုပဲမြင်တယ်။ အဲတော့ကျနော်တို့က ရခိုင်ပြဿနာက အပစ်အခတ် ရပ်စဲရေး က အလှမ်းဝေး နေမယ် ဆိုရင်တော့ ပိုပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ပြင်းပြင်းထန်ထန် တုန့်ပြန်တာတွေ ဆက်တွေ့ရနိုင်တယ်လို့ ပဲ သုံးသပ်ရပါတယ်” ဟု ပြောသည်။

အောက်တိုဘာလ ၁၉ ရက်နေ့က AA ၏ ထုတ်ပြန်ချက်ထဲတွင် NLD ကိုယ်စားလှယ်လောင်း သုံးဦးကို စစ်ဆေး မေးမြန်းရန် ခေါ်ယူထားကြောင်းနှင့် အခြေအနေ လိုအပ်ချက်အရ ကာလတစ်ခုအထိ ထိန်းသိမ်း စစ်ဆေးသွား မည် ဖြစ်သည်ဟု ဆိုသည်။

ULA/AA ၏ ဖမ်းဆီးခေါ်ဆောင် ခံရသူ ၃ ဦးစလုံးသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကို တောင်ကုတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ပြီး ဦးမင်းအောင်က ပြည်နယ်လွှတ်တော်နေရာ၊ ဒေါ်နီနီမေမြင့်က ပြည်သူ့လွှတ်တော်နေရာ၊ ဒေါ်ချစ်ချစ် ချောက အမျိုးသားလွှတ်တော် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု သိရသည်။

၎င်းတို့ သုံးဦးသည် အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာတွင် ရွေး ကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးရေး ဆင်းနေစဉ် ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်။

ထိုလွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ဦးကို ပြန်လွှတ်ပေးရေးနှင့် ပတ်သက်၍ ULA/AA က “NLD အစိုးရ အနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေး သမားများ အပြစ်မဲ့ ရခိုင်ပြည်သူများ နှင့် ငြိမ်းချမ်း ရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည့် ကျောင်းသား များအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေး မည် ဆိုပါက မိမိတို့အနေဖြင့်လည်း အဆိုပါ ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးမည်” ဟု တောင်းဆိုထားသည်။

လွန်ခဲ့သော ကာလများတွင်လည်း ရခိုင့်တော်လှန်ရေးကို အနှောက်အယှက်ပေးသော NLD အမတ် တစ်ချို့ ကို ခေါ်ယူစစ်ဆေးမေးမြန်းပြီး သင့်တော်သော အခြေအနေ တစ်ခုအောက်တွင် ပြန်လည်လွှတ် ပေးခဲ့ဖူးသည့် သာဓက ရှိခဲ့သည့်အပြင် စစ်သုံ့ပန်းများလဲလှယ်ရေး ကိစ္စနှင့် ပတ်သက်၍လည်း ယခင်က ထုတ်ပြန် ချက်အ တိုင်း ယနေ့အထိ ဆုပ်ကိုင်ထားသည်ဟု ULA/AA က ပြောသည်။

ထို့ကြောင့် NLD အစိုးရအနေဖြင့် စစ်ပွဲကြောင့် နစ်နာခဲ့ရသော ပြည်သူလူထုများ၏ ကိစ္စ အ၀၀ကို ကူညီဖြေ ရှင်းရန်နှင့် စစ်ရေး၊ နိုင်ငံရေး ပြဿနာများကို အမြန်ဆုံး ဖြေရှင်းပေးရန် အရေးတ ကြီးလို အပ်နေ သည်ကို သိစေလိုသည်ဟု ULA/AA ၏ ထုတ်ပြန်ချက်က ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့က NLD ကိုယ်စားလှယ်လောင်း သုံးဦးကို စစ်ဆေးမေးမြန်းရန် ခေါ်ယူ ထားကြောင်းနှင့် အခြေအနေ လိုအပ်ချက် အရ ကာလတစ်ခုအထိ ထိန်းသိမ်းစစ်ဆေးသွားမည် ဖြစ်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ကပြောသည်။

“ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်သူလူထုနှင့် ရခိုင် တော်လှန်ရေး အကျိုးကို ရှေးရှုလျက် တောင်ကုတ်မြို့နယ် NLD မှ အဖွဲ့၀င်များဖြစ်ကြသည့် မင်း အောင်၊ နီနီမေမြင့်နှင့် ချစ်ချစ်ချော တို့အား အောက်တိုဘာလ ၁၄ ရက်နေ့တွင် မလွှဲမရှောင်သာ ခေါ်ဆောင် ခဲ့ရသည်။ ၎င်းတို့အား စစ်ဆေးမေး မြန်းရန် ခေါ်ယူထားခြင်းဖြစ်ပြီး အခြေအနေလိုအပ်ချက်အရ ကာလတစ်ခုအထိ ထိန်းသိမ်းစစ် ဆေးသွားမည် ဖြစ်သည်” ဟု ULA/AA ၏ ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်သည် နေပြည်တော်သို့ လွှတ်တော်အစည်းအဝေးများ တက်ရောက်ရန်အတွက် ပလက်ဝမှ ကျောက်တော်သို့ ရေလမ်းခရီးဖြင့် ထွက်လာစဉ် ULA/AA ၏ ဖမ်း ဆီးခြင်းကို ခံခဲ့ရသည်။ သို့သော် ULA/AA က ဦးဝှေ့တင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၂ လကျော်အကြာ ၂၀၂၀ ခုနှစ် ဇန္နဝါရီလ ၂၁ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

အားမီ(NMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here