ရခိုင်ဒေသ တပ်မတော်ထိုးစစ်ဆင်နေမှုများ ရပ်ဆိုင်းပေးရန် နိုင်ငံတကာ ကရင်အဖွဲ့ တောင်းဆို

0
163

အစိုးရနှင့် မြန်မာ့တပ်မတော်တို့အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးအတွက် ပို့ထားသောတပ်များကို ရုပ်သိမ်းပြီး ရခိုင့်တပ်မတော်-AAအပေါ် ထိုးစစ်ဆင်နေမှုများကို ချက်ချင်းရပ်ဆိုင်းပေးရန် နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKOက မတ်လ ၂၆ရက် တွင် သဘောထား ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

အစိုးရ တပ်မတော် အနေဖြင့် AA ကို ထိုးစစ်ဆင် တိုက်ခိုက်မှုများပြုရာတွင် ရခိုင်ပြည်သူ အရပ်သားများ အပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေမှုများရှိနေခြင်းကြောင့် IKO အနေဖြင့် အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်ချက်၏ ပြောရေးဆိုခွင့်ရှိသူ စောနစ်ကီက ယခုလို ပြောသည်။

၎င်းက “တပ်မတော်အနေနဲ့ ကျနော်တို့ တိုင်းရင်းသားတွေအပေါ် လက်နက်ကြီးနဲ့ ပစ်ချနေမှုအပေါ် ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါက လူ့အခွင့်အရေး ချိုးဖောက်မှုပြုခြင်းပဲဖြစ်တယ်။ ဒါကြောင့် အစိုးရ စစ်တပ်ရဲ့ ထိုးစစ်ဆင် နေမှုတွေ လှုပ်ရှားဆောင်ရွက်မှုတွေကို ကျနော်တို့ IKO အနေနဲ့ ကန့်ကွက်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာပြည်၏ တိုင်းရင်းသား ပြဿနာသည် နိုင်ငံရေး ပြဿနာဖြစ်၍ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံ ဆွေးနွေး အဖြေရှာခြင်းသည်သာ နည်းလမ်းမှန်ဖြစ်ကြောင်း IKOက ထောက်ပြခဲ့သော်လည်း အစိုးရနှင့် တပ်မတော်ဘက် မှ တိုင်းရင်းသားပြဿနာကို စစ်ရေးနည်းလမ်းဖြင့်သာ အဓိကထား ဖြေရှင်းခဲ့ခြင်းကြောင့် ပြဿနာပြေလည်မှု မရှိလာသည့်အပြင် ပိုမိုရှုပ်ထွေးနက်ရှိုင်း ကြီးထွားလာနေသည်ဟု IKOမှ သုံးသပ်ကြောင်း ထုတ်ပြန်ချက်၌ ဆိုသည်။

အစိုးရတပ်မတော်နှင့် AA တို့အကြားဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခတွင် အရပ်သားပြည်သူများအပေါ် ထိခိုက် မှုများ၊ လူနေအိမ်နှင့် ရှေးဟောင်းအမွေအနှစ်သမိုင်းဝင်စေတီပုထိုးများ ထိခိုက်ပျက်စီးမှုနှင့် ပတ်သက်ပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား အပြန်အလှန် စွပ်စွဲတုန့်ပြန်ပြောဆိုနေမှုများကို ဒေသတွင်း သတင်း မီဒီယာများမှ အကျယ်တဝင့် ဖော်ပြရေးသားထားသည်ကို တွေ့ရသည်။

ထို့အပြင် လက်ရှိတွင်လည်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး ၎င်းစစ်ရေး ပဋိပက္ခများကြောင့် ဒေသခံများကို AA နှင့် ပတ်သက်ဆက်နွယ်မှုများရှိသည်ဟုဆိုကာ တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းမှုများရှိနေသလို ၎င်းတိုက်ပွဲများကြောင့် စစ်ပြေးရှောင် ပြည်သူနှစ်သောင်း ကျော်ခန့်ရှိနေပြီးဟုလည်း ရခိုင် လူမှုအဖွဲ့အစည်းများက ဆိုသည်။

အစိုးရနှင့် တပ်မတော်တို့ ၂၀၁၅ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်-NCA လက်မှတ်ရေးထိုးချိန်တွင် ကိုးကန့် (MNDAA)၊ တအာင်း(TNLA)နှင့် ရခိုင့်တပ်မတော်(AA)တို့အပေါ် ခွဲခြားဆက်ဆံခြင်းကြောင့် လက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ခရီးမ ရောက်ဘဲ ရှေ့ဆက်ရမည့် ငြိမ်းချမ်းရေးဖြစ်စဉ်သည်လည်း ပိုမိုဆိုးဝါးစေမည့် အကြပ်အတည်းနှင့် ရင်ဆိုင်ရနိုင်သည်ဟု IKO၏ ထုတ်ပြန်ချက်၌ အကြံပြုထားသည်။

၎င်းအပြင် အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများအပေါ် ခွဲခြားဆက်ဆံခြင်းမပြုဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တန်းတူရည်တူပါဝင်နိုင်ရန်အပြင် ULA/AA နှင့် နိုင်ငံရေး ဆွေးနွေးမှု အမြန်ဆုံးပြု လုပ်ရန်လည်း IKO မှ တောင်းဆိုထားသည်။

နိုင်ငံတကာကရင်အဖွဲ့အစည်း-IKO သည် အာရှ-ပစိဖိတ်၊ ဥရောပ၊ မြောက်အမေရိကာ စသည့်နိုင်ငံပေါင်း ၃၀ကျော်မှ ကရင်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here