ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာကဒ်စနစ်ဖြင့် စမ်းသပ်ပြောင်းလဲရန် လုပ်ဆောင်

0
336

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနေသည့် (The Border Consortium -TBC)မှ (Food card) စားနပ်ရိက္ခာကဒ်စနစ်ဖြင့် စမ်းသပ်ပြောင်းလဲ အသုံးပြုမှုကို ယခုလမှစ တင်၍ တိုးချဲ့ အသုံးပြုသွားရန် လုပ်ဆောင်နေပြီဟု ဒုက္ခသည်ဆိုင်ရာ တာဝန်ရှိသူများ က ပြောသည်။

၂၀၁၆ ခုနှစ်၊ ယခုဇူလိုင်လမှစ၍ နယ်စပ်ဒုက္ခသည်စခန်းများကို TBC အဖွဲ့မှ စားနပ်ရိက္ခာကဒ်စနစ် အသုံးပြုမှုကို နို့ဖိုးနှင့် ထမ့်ဟင်ဒုက္ခသည်စခန်း နှစ်ခုတွင် စတင်စမ်းသပ်လုပ်ဆောင်ခဲ့ရာမှ ယခုနှစ် ဖေဖော်ဝါရီလမှစ၍ ကျန်ရှိဒုက္ခသည်စခန်းတွင် ဆက်လက် တိုးချဲ့လုပ်ဆောင်ရန် စီစဉ်နေပြီဟု ကရင်ဒုက္ခသည်ကော်မတီ-KRC ၏ ဥက္ကဌ စောရောဘတ်ထွေးက ယနေ့ ကေအိုင်စီသို့ ပြောသည်။

၎င်းက “အခု အဲ့ဒီ Food card ကို ကျန်တဲ့ ဒုက္ခသည်စခန်းတိုင်းကို လုပ်ဖို့ စီစဉ်နေပြီး။ အခုဆိုရင် နို့ဖိုး၊ ထမ့် ဟင်၊ ဘန့်ဒုံယမ်း အဲ့စခန်းတွေက လုပ်ပြီးပြီ။ ဒီနေ့ဆိုရင် အုန်းဖျန်စခန်းကိုသွားပြီး ဒီ Food card နဲ့ပတ် သက်ပြီး အသိပေး ရှင်းပြတာမျိုးသွားလုပ်နေပြီ။ နောက်လတွေဆိုရင် စက်တွေကိုသွားပြီးတော့ တည်ပေးတော့မယ်။ ကျန်ရှိတဲ့စခန်းတွေကိုလည်း ဒီလထဲမှာ လိုက်ပြီးအသိပေးတာမျိုးလုပ်သွားဖို့ရှိတယ် ” ဟုပြောသည်။

ထို့အပြင် ယင်း Food card ဖြင့်ပြောင်းလဲကျင့်သုံးမှုကို ထိုင်းအစိုးရ၏ ခွင့်ပြုချက်ရယူပြီးနောက် ထိုင်း-မြန် မာနယ်စပ်အတွင်းရှိ ကရင်ဒုက္ခသည်စခန်း (၇)ခုနှင့် ကရင်နီဒုက္ခသည်စခန်း (၂)ခု အပါအဝင်စခန်း (၉)ခုလုံးတွင် ယခုနှစ်အတွင်း အပြီးလုပ်ဆောင်ပေးသွားရန်ရှိသည်ဟုလည်း စောရောဘတ်ထွေးက ဆက်ပြောသည်။

မြန်မာ့နိုင်ငံရေး အခြေအနေပြောင်းလဲလာမှုနှင့်အတူ ဒုက္ခသည်စခန်းတွင်း ကူညီထောက်ပံ့ပေးမှုများ လျော့နည်းလာသောကြောင့် ကုန်ကျစရိတ်ကို လျှော့ချသည့်နေဖြင့် (TBC) အဖွဲ့မှ ၂၀၁၆ ခုနှစ်မှစကာ အဆိုပါ စားနပ်ရိက္ခာကဒ်စနစ် အသုံးပြုကို စမ်းသပ်လုပ်ဆောင်ခဲ့ပြီးနောက် ယခုလို ထပ်တိုးလုပ်ဆောင်လုပ်ခြင်းဖြစ်သည်။

ယခင်က ဒုက္ခသည်များကို ဆန်၊ ဆီ၊ ဆား၊ ငါးပိနှင့် ငရုပ်သီးစသည့် စားနပ်ရိက္ခာများကို တစ်လနှစ်ကြိမ် တိုက်ရိုက်ထုတ်ပေးခြင်းဖြစ်သည်။ ယခု အသုံးပြုသည့် စားနပ်ရိက္ခာကဒ်(Food Card)ထဲတွင် မိသားစု ဦးရေအပေါ် အခြေခံ၍ ငွေသားများဖြည့်ပေးထားကာ ဒုက္ခသည်များအနေဖြင့် စခန်းတွင်း၌ TBC မှ ဖွင့်လှစ်ပေး ထားသော စျေးဆိုင်များတွင် ၎င်းတို့ကိုယ်တိုင် ကြိုက်နှစ်သက်ရာ စားနပ်ရိက္ခာများကို ရွေးချယ် စီမံစားသုံးခွင့် ရရှိကြမည်ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် မယ်လ၊ အုန်းဖျန်၊ မယ်လအူး၊ မယ်ရာမို၊ ကရင်နီအမှတ်(၁) နှင့် အမှတ်(၂) စသည့် ဒုက္ခသည် စ ခန်းများတွင် စားနပ်ရိက္ခာကဒ်စနစ် အသုံးပြုမှုကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ပြီး ဒုက္ခသည်စခန်း (၉)ခု၌ လူဦးရေ အများဆုံး ခိုလှုံနေကြသည့် မယ်လ ဒုက္ခသည်စခန်းတွင် ယခုလအစောပိုင်းက တွေ့ဆုံရှင်းလင်းအသိ ပေးပြောဆိုမှုများပြုလုပ်သွားခဲ့ပြီးဟု စခန်း ဥက္ကဌ ဖြစ်သူ စောအောနက်က ပြောသည်။

“ အခု ကျနော်တို့ဆီကို လာပြီးရှင်းပြပြောဆိုတာမျိုးလုပ်ပြီးပြီ။ ကနဦးက ဇုန် A ကို အရင်လုပ်မလို့ ဒါပေမဲ့ အခုက ကျနော်တို့ ဒီလ ၂၁ ရက်နေ့ကျရင် ကော်မတီတစ်ရပ်ဖွဲ့သွားဖို့ရှိတယ်။ ကျနော် ထင်တာကတော့ ဒီမေလ ကစပြီး ဇုန် A မှာ စမယ်လို့တော့ ယူဆတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘမ့်ဒုံယန်း၊ ထမ်းဟင်၊ ကရင်နီအမှတ်(၁)နှင့် အမှတ်(၂) စသည့်မြန်မာဒုက္ခသည်စခန်း ၉ ခုတွင် လူဦးရေ တစ်သိန်းနီး ပါးခိုလှုံနေထိုင်လျက်ရှိသည်ဟု ၎င်းတို့အား ကူညီပေးသည့်အဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here