ကချင်ပြည်နယ်အရေးပေါ်အစည်းအဝေး ကန့်ကွက်မှုများကြောင့် အစည်းအဝေးမပြီးဆုံးဘဲ ရုပ်သိမ်းလိုက်ရ

0
225

လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကို သီးခြားခွဲထုတ်မည့်ကိစ္စ ပါဝင်သော ကချင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး ကန့်ကွက်မှုများကြောင့် အစည်းအဝေးမပြီးဆုံးမီ ရုပ်သိမ်းလိုက်ရပါသည်။

ဇန်နဝါရီ ၂၈ရက်က ပြုလုပ်သည့် အဆိုပါအရေးပေါ်အစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ယခုလက်ရှိ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဟု သီးခြား ခွဲထုတ်ရန် ကချင်ပြည်နယ်အစိုးဘက်မှ အတည်ပြုတင်သွင်းလာမှုသည် ဖွဲ့စည်းပုံ ဥပဒေနှင့် ညီညွတ်မှုမရှိဟု လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့ကြပါသည်။

“ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကနေ အတည်ပြုတင်သွင်းလာတာဟာ ၂၀၀၈ အခြေခံဖွဲ့စည်းပုံဆိုရင် လုံးဝ မှားယွင်းနေပါတယ်။ ဒါကြောင့် ဝန်ကြီးဌာန ခွဲခြင်း၊ မခွဲခြင်းကို မပြောလိုပါဘူး။ ဖွဲ့စည်းပုံအရ ဝန်ကြီးဌာန ပြင်ဆင်ခြင်း၊ ဖွဲ့စည်းခြင်းကို ဝန်ကြီးချုပ်ကို ကိုယ်တိုင်လုပ်ပိုင်ခွင့် ပေးမထားပါ” ဟု တနိုင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ကန့်ကွက်ပြောသည်။

ယနေ့ လွှတ်တော်သို့ တင်သွင်းလာသည့် ဝန်ကြီးဌာနပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး အမိန့်စာမှာ နိုင်ငံတော်သမ္မတ၏ မိန့်စာမဟုတ်ဘဲ ပြည်နယ်ဝန်ကြီးချုပ်၏ စာဖြင့်သာ ဖြစ်နေသည့်အတွက် ဟု သိရပါသည်။

ထို့ကြောင့် ယနေ့အစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အတွင်း လစ်လပ်နေသော ဝန်ကြီးဌာန ၃ နေရာအတွက် အစားထိုးမည့် အမည်စာရင်းများကို တင်သွင်းနိုင်ခြင်း မရှိဘဲ လွှတ်တော်အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်အစည်းအဝေး ကို ရက်ပိုင်းအတွင်း ပြန်လည်ခေါ်ဆိုမည်ဟု သိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here