စစ်ကြောင့် စွန့်ပစ်ထားသော နန့်ဆန်ယန်ရွာတွင် ပထမဆုံး ခရစ္စမတ်ပွဲ ပြုလုပ်မည်

0
230

စစ်ရှောင်စခန်းမှ ပထမဆုံး နေရပ်ပြန်ပြီဖြစ်သော ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် Nam San Yang (နန့်ဆန်ယန်)ကျေးရွာတွင် ၂၀၁၁ ခုနှစ် တကျော့ပြန် ကချင်တိုက်ပွဲ ဖြစ်ပွားလာပြီးနောက် ၇နှစ် အကြာ ပထမ ဆုံး ကျေးရွာခရစ္စမတ်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့ အသင်းတော်ပေါင်းစုံပါဝင် ပြုလုပ်မည် ဖြစ်သည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ Nam San Yang ကျေးရွာကို ပြန်သွားသော အိမ်ထောင်စု ၁၇ စုမှ လူဦးရေ ၅၇ ဦးသည် လာမည့်အပတ် ကျေးရွာခရစ္စမတ် ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဟု သိရပါသည်။

“၂၈ ရက်နေ့ ခရစ္စမတ်လုပ်မယ်။ အဲဒီနေ့ကတော့ နေရပ်မပြန်ဘဲ စစ်ရှောင် စခန်းမှာ ရှိနေတဲ့ သူတွေ၊ ဆွေမျိုးအိမ်မှာ ရှိနေတဲ့သူတွေကလည်း ပွဲလာပါဝင်မယ်။ ၂၈ ရက်နေ့ မနက်ပိုင်း ပွဲလုပ်ပြီးမှ တချို့က မြို့ကို ပြန်မယ်။ အိမ်ထောင်စု ၁၇ ခုကတော့ ဘုရားကျောင်းမှာ ဆက်နေပြီး ရွာသန့်ရှင်းရေး လုပ်စရာ ရှိတာ ဆက်လုပ်မယ်” ဟု Nam San Yang ကျေးရွာသားများ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းပေးနေသူ ကချင်နာမည်ကျော် တေးသံရှင်ကြီး Hpaula Gam Hpang မှ ကချင်သတင်းဌာန KNG ကိုပြောပါသည်။

နေရပ်ပြန်သွားသော အိမ်ထောင်စု ၁၇ ခုတွင် ဝိုင်းမော်မြို့ Mai Na (မိုင်းနား) စိန်ဂျိုးဇက်ကတ်သလစ်စစ်ရှောင်စခန်း၊ မြစ်ကြီးနား ဇီးလွန်၊ Jan Mai Kawng (ဂျန်မိုင်ကောင်) ကတ်သလစ် စခန်း၊ N’Jang Dung (အင်ဂျန်ဒုံ)၊ Ngwi Pyaw (ငွေပျော်စံပြ) စသည့် စခန်းများမှ ပါဝင်နေသည်ကို တွေ့ရပါသည်။

အစိုးရအနေဖြင့်လည်း စစ်ရှောင်များ ကောင်းမွန်စွာ နေရပ်ပြန်အခြေချနိုင်ရေး စီမံချက်များကို ပြင်ဆင်နေပြီ ဖြစ်ကြောင်း Hpaula Gam Hpang ထံမှ သိရပါသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသွားသော ကချင်စစ်ရှောင်များအားလုံး နေရပ်ပြန်လာနိုင်ရေး ပထမဆုံး ရှေ့ပြေးအစီစဉ်ဖြင့် ယခုလို အိမ်ထောင်စု ၁၇ စုဖြင့် စတင်ခြင်း ဖြစ်သည်ဟု သိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here