သံသယဖြင့် မည်သူ့ကိုမျှ မဖမ်းဆီးရန် AA မှ လွတ်မြောက်လာသူ ချင်းလူငယ်ပြောဆို

0
139

၁၇ ဒီဇင်ဘာ ၂၀၂၀။

ခူမီးသတင်းမီဒီယာတွင် အလုပ်လုပ်ကိုင်ပြီး ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့၏ လုပ်ငန်းများကို နှောက်ယှက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု လေးလခွဲကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြန်လည် လွှတ်မြောက်လာခဲ့သည့် ချင်းလူငယ်ဆလိုင်းအောင်စိုးက ပြောသည်။

“အဓိကတော့ ကျနော့်ကိုဖမ်းရတာက မသင်္ကာလို့ဖမ်းတာလို့ ပြောတယ်၊ အထူးသဖြင့် သူတို့အလုပ်ကို နှောက်ယှက်တယ်ပေါ့လေ၊ ပြီးတော့ ခူမီးသတင်းမီဒီယာမှာ လုပ်တယ်ဆိုပြီး စွပ်စွဲထားတယ်၊ ပြီးတော့ မြန်မာ့တပ်မတော်နဲ့အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျနော့်ကို မသင်္ကာတော့ ဟုတ် မဟုတ် စစ်ဆေးဖို့ ဖမ်းတာပါ၊ ကျနော့်ကို ဖမ်းထားစဉ်မှာ ရိုက်နှက်တာမျိုးတော့ မရှိပါဘူး၊ သူတို့အထက်က လူတွေကလည်း ဘာမှ မရိုက်နှက်ဖို့ ပြောထားတယ်လို့ ပြောတယ်”ဟု ဆလိုင်းအောင်စိုးက ပြောသည်။

AA တပ်ဖွဲ့မှ စွပ်စွဲသကဲ့သို့ သူသည် ခူမီးသတင်းဌာနတွင် အလုပ်လုပ်ကိုင်ခြင်းမရှိသလို မြန်မာ့တပ်တော်နှင့် အဆက်အသွယ်မရှိခဲ့ကြောင်း ဆလိုင်းအောင်စိုးက ပြောသည်။

အေအေတပ်ဖွဲ့မှ ဆလိုင်းအောင်စိုးအား ရန်ကုန်မှ ပလက်ဝသို့အပြန် ကျောက်တော်နှင့် ပလက်ဝအကြား စက်လှေစီးနေစဉ် ဇူလိုင်လ ၃၀ရက်နေ့တွင် စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၁၃၈ ရက်ကြာချုပ်နှောင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်နေ့ တွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူများအား သက်သေခိုင်ခိုင်မာမာမရှိဘဲ မသင်္ကာယုံဖြင့် ဖမ်းဆီး ခြင်းအား အေအေတပ်ဖွဲ့အနေဖြင့် နောက်နောင်တွင် ရှောင်ရှားရန်လိုအပ်ကြောင်း ဆလိုင်းအောင်စိုးက ပြောသည်။

“လူတစ်ယောက်ကို သံသယရှိရုံနဲ့ နောက်တစ်ခါကျရင် မဖမ်းဖို့ ပြောချင်တယ်၊ တိုင်တဲ့သူရှိရင်လည်း အထောက်အထား ခိုင်ခိုင်မာမာမရှိဘူးဆိုရင် မဖမ်းဖို့ ကျနော်ပြောချင်တယ်”ဟု ဆလိုင်းအောင်စိုးက ပြောသည်။

ဆလိုင်းအောင်စိုးအား AA မှ ဖမ်းဆီးစဉ်တွင် အခြားချင်းလူငယ်သုံးဦးလည်း ဖမ်းဆီးခဲ့သော်လည်း ထိုသုံးဦးမှာ ဩဂုတ်လ ၂၅ရက်နေ့က ပြန်လည်လွှတ်မြောက်ခဲ့ပြီး ဆလိုင်းအောင်စိုးမှာ ၄လခွဲကြာ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

KACC ၏ စာရင်းအရ ပလက်ဝမြို့နယ်တွင် ၂၀၁၅ခုနှစ်မှလက်ရှိချိန်ထိ ရက္ခိုင့်တပ်တော်(AA) မှဖမ်းဆီးထားသော အရပ်သားအားလုံးပေါင်း ၁၀၅ ဦးထိရှိခဲ့ပြီး၊ ၈၄ ဦးမှာ ပြန်လည်လွတ်မြောက်လာ ပြီး ဖြစ်ကာ ၂၂ ဦးမှာလက်ရှိအချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

ခိုနူမ်းသုန်မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here