ဆမီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရန် လိုလားနေ

0
422

၁၇ ဒီဇင်ဘာ ၂၀၂၀။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်း (IDPs Camp) တွင် နေထိုင်ကြသည့် စစ်ဘေး ရှောင်ပြည်သူ များသည် မိမိနေရပ်သို့ပြန်လည်အခြေချလိုကြပြီး အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန်လိုလားနေ ကြသည်ဟု စစ်ဘေးရှောင်ပြည်သူများအား အနီးကပ်ကူညီဆောင်ရွက်နေသော People Hope (ပြည်သူ့မျှော်လင့်ချက်) အဖွဲ့ ဒါရိုက်တာ ဦးဇော်လီအောင်က ပြောသည်။

“သူတို့ရဲ့ ဆန္ဒကတော့ အများအားဖြင့် ပြန်ချင်တဲ့ဆန္ဒရှိတယ် အခုသူတို့ ပြန်ချင်ပေမဲ့လည်း ကျနော်တို့ ဆမီးမှာဆိုရင်တော့ ဂိတ်ရှိတယ် ဂိတ်ကဖြတ်လို့လည်းမရဘူး ပြီးတော့ အစိုးရအနေနဲ့ အာမခံပေးတာတို့လည်း မရှိဘူး ဒါပေမဲ့သူတို့ အနေနဲ့တော့ ပြန်ချင်တာကတော့ ဆမီးမှာရှိတဲ့ တိုက်ပွဲရှောင်တွေအားလုံးပဲ လူပေါင်း ၃၄၀၀ စလုံးကပြန်ခွင့်ရရင် သူတို့က နေချင်းညချင်းသူတို့ကပြန်ချင်တဲ့သဘောရှိတယ်” ဟု ဆမီးစစ်ဘေး ရှောင်ကူညီရေးအသင်းမှ ဦးဇော်လီအောင်ကေ ပြာသည်။

ဆမီးမြို့ရှိစစ်ဘေးရှောင်စခန်းသည် အခြားစစ်ဘေးရှောင်စခန်းများထက် စားသောက်ရေးပိုင်းတွင် အဆင်ပြေေ သာ်လည်း နေရပ်မြေမှာ ပြန်လည်အခြေချကာ လုပ်ကိုင်စားသောက်ချင်ကြပြီး (IDPs Camp) စခန်းမှာနေရခြင်း သည် စိတ်အားငယ်နေကြသည့်အပြင် အကျယ်ချုပ်ပုံစံလိုခံ စားနေရခြင်းကြောင့် မိမိတို့ဒေသသို့ပြန်ချင်ကြခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသည့် ပလက်ဝမြို့နယ် ၀က်မအုပ်စု ၀က်မရွာမှ ဦးကြာလုံး ကလည်း စစ်ဘေးရှောင်စခန်းတွင်နေရခြင်းသည် အနာဂတ်အတွက် မျှော်လင့်ချက်မရှိကြောင်း ပြောဆိုပါသည်။

“ကျနော်တို့က တိုက်ပွဲတွေဘာတွေမဖြစ်ဘူးဆိုရင်တော့ မိမိရွာမှာတော့ပြန်ချင်တာပေါ့ ဒါပေမဲ့ ဒီမှာ ကျနော်တို့ စစ်ဘေးရှောင်အနေနဲ့ဆိုတော့ အနာဂတ်အတွက်လည်းမပါဘူး ဒီမှာကျနော်တို့ မျှော်လင့်ချက်လည်းမရှိဘူး ကျနော်တို့ပြန်ချင်တယ်’’ ဟု ဦးကြာလုံးက ပြောသည်။

ယခုလက်ရှိ ပလက်၀မြို့နယ်တွင် တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုမရှိတော့သည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်မည်ဆိုပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများအရင်ဆောင်ရွက်ပြီးမှသာ အဆင်ပြေနိုင်မည်ဟု ယုံကြည်ကြောင်း ဦးဇော်လီအောင်က ပြောသည်။

“ပြန်မယ်ဆိုရင်တောင်မှ အစီစဉ်တွေသေချာစွဲပြီးမှ မိုင်းရှင်းလင်းတာတို့ အရင်ဆုံးလုပ် ပြီးတော့ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်ပြီးမှပဲ ပြန်ခိုင်းစေချင်တယ် အခုသူတို့ကို ဒီတိုင်းလွှတ်လိုက်မယ်ဆိုရင်လည်းပဲ ရွာမှာရောက်ရင် ဘယ်လို ရုန်းကန်ကြမလဲ သူတို့နေရေးထိုင်ရေး စား၀တ်နေရေးအတွက်က စိုးရိမ်စရာအများကြီးရှိတာပေါ့ ဒါကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အရင်လုပ်ဆောင်ပြီးမှသာ ပြန်မယ်ဆိုရင် ပိုသင့်တော်မယ်” ဟု ဦးဇော်လီအောင်က ပြောသည်။

စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်၀န်ကြီး ဦးစိုးထက်ကလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်နေသေးသည့်အပြင် တပ်မတော်ဘက်မှ လုံခြုံရေးအရ ကန့်သတ်ချက်များရှိနေသေးသည့်အတွက် နေရပ်ပြန်ရေးအဆင်မပြေသေးကြောင်း ပြောဆိုပါသည်။

“အခုလုံး၀အေးချမ်းသွားတာတော့မဟုတ်ဘူး ပြန်လည်ထူထောင်ရေးလုပ်ဖို့ကလည်း ပြီးစီးသွားတာမဟုတ်သေးဘူး ကျနော်တို့ကိုယ်တိုင်လည်း ဆမီး ပလက်၀ IDPs Camp မှာ ဒီလိုပြုံပြီးမှာတစ်နေရာထဲမှာ စုနေတာမကြိုက်ဘူး တကယ်တမ်းပြောရရင် ဒါပေမဲ့ အဲဒီမှာသာ မထားဘဲပြန်ဖို့ဆိုရင် အခုကတောင်ယာလည်းမလုပ်ဘူး လယ်လည်းမလုပ်ဘူး ဟင်းသီးဟင်းရွက်မစိုက်ရဘူး လယ်ယာကိုင်းကျွန်းတစ်ခုမှမရှိရင်ဘာမှလုပ်လို့မရဘူး ရွွာပြန်သွားရင် သူတို့မှာစားစရာမရှိ ဘူး မသင့်တော်သေးဘူး ပြန်လည်ထူထောင်ရေးလုပ်ဖို့ကလည်း မရသေးတဲ့အတွက်ကလည်း တစ်ချက် တပ်ကလုံခြုံရေး အရ ကန့်သတ်ချက်တွေရှိသေးတယ် သူတို့ရွာသွားဖို့လာဖို့ သူတို့ရွာပြန်ရင်လည်း သူတို့ဘာစားမလဲ ဆန်လည်းမရှိဘူး ဆန်လည်းပို့လို့မရ ရောင်းတဲ့ဆန်တွေကလည်းမရှိဘူး ပလက်၀ကိုပဲဆန်တွေကပြန်လာ၀ယ်ရမှာ ပြန်လာရှာရမှာ အဲဒီပလက်၀ကိုလာဖို့ တစ်ရွာနဲ့ တစ်ရွာသွားဖို့ကို လုံခြုံရေးအရ ကန့်သတ်မှုတွေရှိနေတယ် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ဖို့များနေတယ် ပြန်ရင်လေ အဲဒါကြောင့်ကျနော်တို့က ခဏနေအုံး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တစ်ဆင့်ပြောထား တယ်” ဟု စည်ပင်၀န်ကြီး ဦးစိုးထက်က ပြောသည်။

ဆမီးမြို့တွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိပြီး စစ်ဘေးရှောင်ပြည်သူ ၃၄၀၀ ခန့် နေထိုင်ကြသည်။

လားနွန် (KMG) ရေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here