10 မေ 2024 /

See today's Peace Related News

မြဝတီပုစ္ဆာ

နိဒါန်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားရာ မြဝတီမြို့ပေါ်ရှိ မြို့စောင့်တပ်ခေါ် အာဏာသိမ်းစစ်အုပ်စု၏ ခြေမြန်တပ်ရင်း ခမရ-၂၇၅ အတွင်း စစ်ကောင်စီတပ်သားအချို့က ဝင်ရောက်ကာ မြန်မာနိုင်ငံတော်အလံ ပြန်လည်စိုက်ထူခြင်းမှတဆင့် “မြဝတီပုစ္ဆာ” ကို စတင်သည်။

ထိုအလံတင်ခြင်းဖြစ်စဉ်အတွက် တချို့က KNU/KNLA အပါအဝင် တော်လှန်ရေး အင်အားစုများအား အပြစ်တင်ကြသည်။ တချို့က အာဏာသိမ်းစစ်အုပ်စု၏ ဝါဒဖြန့်ခြင်း အစိတ်အပိုင်းတခုမျှသာ ဖြစ်သည်ဟု ယုံကြည်နေကြသည်။ တချို့ကမူ စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ခေါင်း‌ဆောင် ဗိုလ်မှူးကြီးစောချစ်သူ၏ လှည့်ကွက်၊ ကစားကွက်တခုအဖြစ် ရှုမြင်ကြသည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက် အတွက်နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးအရပါ အလွန်အရေးပါနေသည့် “မြဝတီပုစ္ဆာ” အတွက် လက်လှမ်းမီသမျှသော သတင်းအချက်အလက်၊ ဖြစ်စဉ်ဖြစ်ရပ်များနှင့် တွေ့ရှိချက်များကို အခြေပြုကာ ချဉ်းကပ်တင်ပြသွားပါမည်။

ခမရ – ၁၇၅ အတွင်း အလံတင်ခြင်းဖြစ်စဉ်

မြဝတီမြို့စောင့်တပ် ခေါ် ခြေမြန်တပ်ရင်း (ခမရ-၂၇၅) ကို KNU/KNLA မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ ခမရ−၂၇၅ တပ်စခန်းအား ၂၀၂၄ ခုနှစ် ဧပြီလ (၈) ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ကာ ဧပြီလ (၁၁) ရက်၊ နံနက် ၄ နာရီ ၂၀ မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် စခန်းစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသော ခမရ-၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ဝ ကျော်သည် ထိုင်း-မြန်မာ နယ်စပ်အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် သွားရောက်ခိုလှုံတပ်စွဲထားသလို ၎င်းတို့အား စစ်ကူလာသည့် အာဏာသိမ်းစစ်အုပ်စု၏ စစ်ကြောင်းများကလည်း အလုံးအရင်းဖြင့် ထိုးဆင်းလာနေသောကြောင့် မြဝတီမြို့သည် လုံခြုံစိတ်ချရသည့် အနေအထားတွင် မရှိသေးကြောင်း ဧပြီလ ၁၂ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါသည်။

ထိုင်း – မြန်မာနှစ်နိုင်ငံနယ်စပ်အတွက် ကုန်သွယ်ရေးအရ အရေးပါသည့် မြဝတီမြို့ကို သိမ်းပိုက်ရရှိရန် KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ် မတ်လမှစတင်ကာ စစ်အုပ်စုအတွက် အဓိကကျသည့် တပ်စခန်း (၃) ခုဖြစ်သော (ခမရ-၃၅၅) (ခမရ-၃၅၆) နှင့် သင်္ကန်းညီနောင်ဗျူဟာကုန်းရှိ (ခမရ-၃၅၇) အပါအဝင် နောက်ဆုံးမြို့စောင့်တပ်ဖြစ်သည့် (ခမရ-၂၇၅) တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသော်လည်း လုံခြုံစိတ်ချရသည့် အနေအထားရောက်ရှိပါက ဒေသခံများ၏ ပူးပေါင်းပါဝင်မှုဖြင့် မြို့အုပ်ချုပ်ရေးများချမှတ်ကာ လူကုန်ကူးမှု၊ တရားမဝင်စီးပွားရေးလုပ်ငန်းများ၊ တားမြစ်ပစ္စည်းကုန်သွယ်မှုများ၊ မြို့တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုများနှင့် ကုန်စည်စီးဆင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း KNU က ဆိုပါသည်။ 1

၂၀၂၄ ခုနှစ် ဧပြီလ ၂၁ ရက်တွင်တော့ KNU/KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် မြဝတီမြို့ ချစ်ကြည်ရေးတံတားမှ ဆုတ်ခွာခဲ့သည်။ ထို့နောက် အဆိုပါတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် နယ်ခြားစောင့်တပ် (BGF) တဖြစ်လည်း ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် ကရင်အမျိုးသားတပ်မတော် (KNA) ၏ အကူအညီဖြင့် ခမရ -၂၇၅ တွင် ပြန်လည်ဝင်ရောက်ကာ မြန်မာနိုင်ငံအလံလွှင့်ထူပြီး ပြန်လည်အထိုင်ချထားသည်ဟု ဆိုပါသည်။

KNU ပြောခွင့်ရ ပဒိုစောတောနီးက “အဓိကအချက်ကတော့ စစ်ကောင်စီ ဖန်တီးနေတဲ့ ထောင်ချောက်ကို မကျဆင်းရေးအတွက် ခုန်မဆင်းရေးအတွက် ကျနော်တို့ ရှောင်ထွက်သွားရတာပဲဖြစ်တယ်။ ဒုတိယအချက်ကတော့ စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင်စနစ်ကိုမဆို ကျနော်တို့အပြီးတိုင်ချုပ်ငြိမ်းအောင် တိုက်ဖျက်ရမယ်။ ဒါပေမဲ့ ဒီအချိန်ကာလမှာ ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ စစ်အာဏာရှင်နဲ့ ပူးပေါင်းသွားတာကိုတော့ ကျနော်တို့ဘက်က ဘာမှ ပြောစရာမရှိပါဘူး” ဟု ပြောပါသည်။ 2

ဗိုလ်မှူးကြီးစောချစ်သူ လှည့်စားခဲ့သလား

၂၀၁၀ ပြည့်နှစ်ကတည်းက စစ်အုပ်စု၏ လက်အောက်ခံနယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ဖြစ်လာသော ဗိုလ်မှူးကြီးစောချစ်သူသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် ၎င်းတို့အနေဖြင့် စစ်ကောင်စီထံမှ လစာ၊ ရိက္ခာများ ရယူတော့မည်မဟုတ်ကြောင်းနှင့် ကရင်အချင်းချင်း မတိုက်ခိုက်လိုတော့ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်တဦးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံ တင်ပြခဲ့သည်ဟု ဆိုပါသည်။ 3

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်၊ BGF တပ်နယ် (၄) ခုမှ တပ်နယ်မှူးများအားလုံး တက်ရောက်သည့်အစည်းအဝေးတွင် ၎င်းကိုယ်တိုင် အထွေထွေအတွင်းရေးမှူးအဖြစ် ဦးဆောင်သော နယ်ခြားစောင့်တပ် (BGF) ကို ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ခဲ့သည်။ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF သည် တပ်နယ် (၄) နယ်၊ တပ်ရင်း ၁၃ ရင်းဖြင့် ဖွဲ့စည်းထားသည်။ လှိုင်းဘွဲမြို့နယ်တွင် အမှတ် ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၅၊ ၁၀၁၆ တပ်ရင်းတို့ အခြေချလှုပ်ရှားသလို ဖာပွန်မြို့နယ်တွင် အမှတ် ၁၀၁၃၊ ၁၀၁၄ တပ်ရင်း၊ မြဝတီမြို့နယ်တွင် အမှတ် ၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀၊ ၁၀၂၂ တပ်ရင်းများနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အမှတ် ၁၀၂၁၊ ၁၀၂၃ တပ်ရင်းတို့ အခြေချလှုပ်ရှားလျက်ရှိပါသည်။ 4

အမေရိကန်ပြည်‌ထောင်စု၊ ငြိမ်းချမ်းရေးအင်စတီကျူ (USIP) ၏ ၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်ထုတ် ဆောင်းပါးတွင်တော့ ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် BGF ခေါင်းဆောင်များဖြစ်သော ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းတို့သည် ထိုင်း-မြန်မာနယ်စပ် ကရင်ဒေသအတွင်းရှိ တရုတ်ငွေလိမ်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည်ဟု ဆိုပါသည်။ ဗိုလ်မှူးကြီး စောချစ်သူနှင့် ဗိုလ်မှူးတင်ဝင်းတို့သည် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်ရှိ ငွေလိမ်လုပ်ငန်းများအပြင် တရုတ်က စီးနင်းခံလိုက်ရသည့် ကိုးကန့် BGF ပိုင်ဆိုင်သည့် Fully Light Group ၏ Jinxin, Hengsheng and Dongfanghui အမည်ရ ငွေလိမ်ဂိုဏ်းများကို ပံ့ပိုးကူညီပေးထားကာ အကျိုးအမြတ်များလည်း ရရှိနေသည်ဟု ဆိုပါသည်။ 5

၂၀၂၄ ခုနှစ် ဧပြီ ၁၁ ရက်၊ စစ်ကောင်စီ၏ မြဝတီမြို့စောင့်တပ် (ခမရ-၂၇၅) အား KNU/KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး နောက်ပိုင်းတွင်တော့ ဗိုလ်မှူးကြီးစောချစ်သူ၏ BGF အသွင်ပြောင်း KNA တပ်ဖွဲ့ဝင်များသည် မြဝတီမြို့အတွင်း ကင်းလှည့်ခြင်း၊ နေရာယူခြင်းများ ပြုလုပ်နေခဲ့သည်။ ဧပြီလ ၂၃ ရက်တွင်တော့ ခမရ -၂၇၅ အတွင်း စစ်ကောင်စီတပ်သားများ ပြန်လည်အထိုင်ချနိုင်ရန် ဗိုလ်မှူးကြီးစောချစ်သူ၏ BGF အသွင်ပြောင်း KNA တပ်ဖွဲ့ဝင်များက ကူညီပေးခဲ့သည်ဟု ဆိုပါသည်။ KNU/KNLA နှင့် ပူးပေါင်းတပ်များကမူ သင်္ကန်းညီနောင်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း ၃၅၅ ၊ ၃၅၆ ၊ ၃၅၇ နှင့် ဗျူဟာကုန်းများကို သိမ်းပိုက်နေရာယူထားဆဲဖြစ်ကြောင်း ပဒိုစောတောနီးက ပြောပါသည်။

ဆိုရသော် စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) အဖြစ်မှ နှုတ်ထွက်ကာ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲရပ်တည်နေသည်ဆိုသော်လည်း ဗိုလ်မှူးကြီး စောချစ်သူ၏ အစီအစဉ်နှင့် လုပ်ရပ်များသည် စစ်အုပ်စု၏ အဆုံးအဖြတ်တော့ လိုအပ်နေသေးသည်ဟု ကောက်ချက်ချနိုင်ပါသည်။ တဆက်တည်းတွင် အာဏာသိမ်းစစ်အုပ်စုကို ခုခံတော်လှန်စစ်ဆင်နွှဲနေကြသော KNU/KNLA အပါအဝင် ကရင်ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရေးအခြေအနေများကိုလည်း ဗိုလ်မှူးကြီးစောချစ်သူ၏ အစီအစဉ်များထဲတွင် မြင်တွေ့ရခြင်းမရှိသေးဟု ဆိုရပါသည်။

မြဝတီပုစ္ဆာ

နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ဘီလီလျံနီးပါးတန်ဖိုးရှိသည့် ကုန်သွယ်လမ်းကြောင်းရှိရာ ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့သည် အာဏာသိမ်းစစ်အုပ်စုအတွက် အလွန်အရေးပါသည့် မြို့ဖြစ်သည်။ မြဝတီကို လက်လွှတ်ဆုံးရှုံးရခြင်းသည် စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ အဘက်ဘက်မှ ရှုံးချက်နာသည့်အပြင် ကပ်လျက်ရှိသော အိမ်နီးချင်းထိုင်းအစိုးရ၏ အသိအမှတ်ပြုမှုကိုပါ လျော့ကျစေနိုင်ပါသည်။ ထို့ကြောင့် မြဝတီမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုသည် အရာအားလုံးကို အသုံးချလာနိုင်သည်ဟု သုံးသပ်ရပါသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ကော့ကရိတ်-အာရှလမ်း၊ အောက်ဗိုလ်တဲ (လမ်းဟောင်း) နှင့် ထို့ကော်တိုးလမ်းတို့အား အသုံးပြုကာ အောင်ဇေယျအမည်ရှိ စစ်ကြောင်းဖြင့် အင်အားဖြည့်တင်းလျက်ရှိကြောင်း သိရပါသည်။ “မြဝတီမြို့ကို မထိန်းချုပ်နိုင်ရေး၊ နောက် အာရှလမ်းကြီး ပြန်လည်မထိန်းချုပ်နိုင်ရေး အတွက် ကျနော်တို့က အသည်းအသန် ကာကွယ်နေမှာပဲ” ဟု ကျားဖြူစစ်ကြောင်း ဒု-စစ်ကြောင်း မှူးဗိုလ်ကျော်ဟိန်းက ပြောပါသည်။ 6

ဧပြီလ ၅ ရက်က မြဝတီမြို့နှင့် (၉) မိုင်အကွာတွင်ရှိသော စစ်ကောင်စီ၏ အရှေ့ပိုင်းစစ်ဌာနချုပ်လက်အောက်ခံ သင်္ကန်းညီနောင် စစ်ဗျူဟာအခြေချစခန်းမှ အရာရှိအဆင့် ၆၇ ဦး၊ အခြားအဆင့် ၄၁၀ ဦး၊ တပ်မိသားစုဝင် ၁၄၀ ဦးတို့ KNU/KNLA ပူးပေါင်းတပ်များထံ လက်နက်ချအညံ့ခံခဲ့ကြသည်။ ဧပြီလ ၇ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ စစ်ကောင်စီစေလွှတ်သည့် လေယာဉ်တစ်စီးဆင်းသက်ကာ မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် (၁၀) ဦးကို ခေါ်ဆောင်သွားခဲ့သည်။ ဧပြီလ ၉ ရက်မှစပြီး မြဝတီမြို့ပေါ်ရှိ မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများအားလုံး ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှု ရပ်ဆိုင်းသွားခဲ့သည်။ 7

မြဝတီမြို့ကို KNU/KNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်ခဲ့သည်မှန်သော်လည်း တခြားသော ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် BGF အသွင်ပြောင်း KNA ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့သည်လည်း မြဝတီမြို့အပါအဝင် မြို့နှင့်အနီးတဝိုက်တွင် လှုပ်ရှားလျက်ရှိပါသည်။

ဧပြီလ ၂၁ ရက်ကလည်း မြဝတီမြို့သို့ စစ်ကူတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကော့ကရိတ်မြို့အထွက် အာရှလမ်းမ၊ တောနော်ရေတံခွန်လမ်းကွေ့အနီးတွင် KNU/KNLA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီသံချပ်ကာကားနှင့် တင့်ကားနှစ်စီး ပျက်စီးသွားခဲ့သည်။ အဆိုပါစစ်ကောင်စီစစ်ကြောင်းကို DKBA မှ ဗိုလ်ဘိဦးစီးသည့် တပ်ဖွဲ့ဝင်များက လမ်းပြခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။ 8

ဧပြီလ ၂၃ ရက်၊ BGF အသွင်ပြောင်း KNA ၏ အကူအညီဖြင့် ပြန်လည်အခြေချခွင့်ရနေသည့် မြဝတီမြို့စောင့်တပ် (ခမရ ၂၇၅) တွင် စစ်ကောင်စီတပ်မ (၄၄) တပ်မမှူးကိုယ်တိုင် အထိုင်ချပြီး စိုးမိုးနယ်မြေ ပြန်လည်ရယူရန်အတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို သင်္ကန်းညီနောင်စစ်ဗျူဟာအနီး တံတားထိပ်အထိ ပြုလုပ်နေသည်။ ထို့အတွက် ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်သည့် BGF အသွင်ပြောင်း KNA က လုံခြံရေးတာဝန်ယူပေးထားသည်ဟု ဆိုပါသည်။ 9

အခြားတဖက်တွင်တော့ KNU/KNLA ဦးဆောင်သော ပူးပေါင်းတပ်များအနေဖြင့် သိမ်းပိုက်ရရှိထားသည့် မြို့စောင့်တပ်ခေါ် ခမရ-၂၇၅ အား စစ်ကောင်စီထံ လွယ်လင့်တကူ လက်လွှတ်ဆုံးရှုံးလိုက်သဖြင့် KNU ၏ ခေါင်းဆောင်ပိုင်းအပေါ် မေးခွန်းထုတ်မှုများ ရှိခဲ့ပါသည်။

သုံးသပ်တင်ပြချက်

မြဝတီမြို့သည် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည်။ ထိုင်းနိုင်ငံနှင့် ကပ်လျက်ရှိပြီး နယ်မြေဆက်စပ်မှု ရှည်လျားသည်။ အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်သော၊ မဆန့်ကျင်သော လက်နက်ကိုင်အစုအဖွဲ့အများအပြား ဖြစ်တည်လှုပ်ရှားရာ ကရင်ပြည်နယ်၏ စီးပွားရေးအရ အရေးပါသည့် မြို့ဖြစ်သည်။ ကုန်သွယ်စီးပွားအရ အရေးပါသော အာရှလမ်းမကြီး ဖြတ်သန်းရာမြို့ဖြစ်သည်။

ကာစီနို၊ လောင်းကစားဝိုင်းများဖြင့် နိုင်ငံကျော်စီးပွားရေး လုပ်ငန်းများရှိရာ ရွှေကုက္ကိုလ်မြို့သစ်သည် မြဝတီမြို့နယ်အတွင်း ရှိသည်။ USIP ၏ ဖော်ပြချက်အရ ရှမ်းမြောက်ဒေသ၊ တရုတ်နယ်စပ်မှ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများ ရွှေ့ပြောင်းလှုပ်ရှားရာဒေသ ဖြစ်လာနေသည်။ ထို့ကြောင့် “မြဝတီပုစ္ဆာ” သည် အလွန်ရှုပ်ထွေးသည်ဟု ဆိုရမည်ဖြစ်သည်။

သေချာသည်က ၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းမှစတင်သော KNU/KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ကောင်စီအား ထိုးစစ်ဆင်တိုက်ပွဲများသည် အောင်မြင်ခဲ့ပါသည်။ အာဏာသိမ်းစစ်အုပ်စု၏ ကျရှုံးမှုကို မြဝတီမြို့တွင် မြင်တွေ့ခဲ့ရသည်။ ယနေ့အချိန်ထိလည်း မြဝတီမြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီအနေဖြင့် မြေပြင်စစ်ကြောင်းချီမှုများအပြင် လေကြောင်းထိုးစစ်ဆင်များကိုပါ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေရဆဲဖြစ်ပါသည်။ တဆက်တည်း စစ်အုပ်စုနှင့် KNU/KNLA ခေါင်းဆောင်များအကြား အပြန်အလှန်နားလည်မှု၊ သဘောတူညီမှု ရရှိထားသည်ဆိုသော ဝါဒဖြန့်မှုများကိုလည်း တွေ့ရှိနေရပါသည်။

မြဝတီမြို့ရှိ ခမရ-၂၇၅ အား လက်လွှတ်လိုက်ရခြင်းကို အကြောင်းပြုပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးသို့ ဦးတည်တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစုအချင်းချင်းအကြား အပြန်အလှန် အောက်ဖဲလှန်ခြင်း၊ ပြစ်တင်ဝေဖန်ခြင်းတို့သည် ပိုမိုကောင်းမွန်သော အရွေ့တခုဆီ လှမ်းချီနိုင်စေသလားဟူသည်က သတိပြုဆင်ခြင်စရာဖြစ်ပါသည်။ အိမ်နီးချင်း ထိုင်းအစိုးရသည် မြဝတီ၏ အရွေ့အလှုပ်အတွက် စိတ်ဝင်တစား စောင့်ကြည့်နေပါသည်။

“မြဝတီပုစ္ဆာ” အတွက် အဖြေထုတ်မည်ဆိုပါက အာဏာသိမ်းစစ်အုပ်စု၏ လှုပ်ရှားမှု၊ ၎င်း၏လက်အောက်ခံ BGF ၏ အသွင်ပြောင်းဖြစ်တည်မှု၊ KNU/KNLA အပါအဝင် တော်လှန်ရေးအင်အားစုများ၏ သံဓိဌာန်နှင့် စိတ်ပိုင်းဖြတ်မှု၊ ကြားနေ လက်နက်ကိုင်အင်အားစုများ၏ အခြေအနေ စသည့် အကြောင်းအချက်များအားလုံးကို အနီးစပ်ဆုံး လေ့လာတွက်ချက်ရမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

1 မြဝတီမြို့ လုံခြုံစိတ်ချရသည့်အနေအထားရောက်ရှိရန် ဆက်လက်လုပ်ဆောင်နေကြောင်း KNU ထုတ်ပြန်
2 စစ်ကောင်စီ၏ ထောင်ချောက်တွင်း မကျရောက်စေရန် မြဝတီမြို့မှ ရှောင်ထွက်သွားရခြင်းဖြစ်ကြောင်း KNU ပြော
3 ကရင်အချင်းချင်း မတိုက်ချင်သလို စစ်တပ်ဆီကပံ့ပိုးမှု မယူချင်တော့ဟု ကရင်နယ်ခြားစောင့်တပ် ဆွေးနွေး
4 BGF တပ်နယ်အားလုံး ကရင်အမျိုးသားတပ်မတော်-KNA အဖြစ် ပြောင်းလဲရပ်တည်မည်
5 China Forces Myanmar Scam Syndicates to Move to Thai Border
6 မြဝတီကို ပြန်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က လမ်းကြောင်း ၃ ခုမှ ထိုးဖောက်စစ်ဆင်နေ
7 မြဝတီမြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေး ရပ်ဆိုင်း
8 စစ်ကောင်စီ စစ်ကူယာဉ်တန်း ဒေါနတောင်ခြေတွင် တိုက်ခိုက်ခံရ၍ သံချပ်ကာကားနှင့် စက်သေနတ်တင်ကား ၂ စီးပျက်စီးပြီး ပြန်ဆုတ်ပြေးရ
9 မြဝတီမြို့တွင် စစ်တပ်နှင့် BGF ပူးပေါင်းပြီး ခလရ ၂၇၅ နှင့် သင်္ဃန်းညီနောင်အထိ စိုးမိုးနယ်မြေ ပြန်နေရာယူ

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA