9 မေ 2024 /

See today's Peace Related News

အန်ယူစီစီ၏ ဒုတိယအကြိမ် ပြည်သူ့ညီလာခံ အောင်မြင်ခဲ့သလား?

နိဒါန်း

BNI-Myanmar Peace Monitor ၏ နှစ်ပတ်တကြိမ်ထုတ် သတင်းသုံးသပ်စာစောင် အမှတ်စဉ် (၁၄၁) တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) သည် ၎င်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ မထမ်းဆောင်နိုင်သေးကြောင်း သုံးသပ်တင်ပြခဲ့ပါသည်။ NUCC အဖွဲ့ဝင် အဖွဲ့အစည်းများ၏ ပြည်သူလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုကို မေးခွန်းထုတ်ခဲ့ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် NUCC ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်တာများ အောင်မြင်ပေါက်မြောက်စေရေးအတွက် လမ်းစဖွင့်ပေးနိုင်ရန် ဒုတိယအကြိမ် ပြည်သူ့ညီလာခံက ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင်မူ ဒုတိယအကြိမ် ပြည်သူ့ညီလာခံအပြီး ပြည်သူလူထုသို့ အစီရင်ခံစာနှင့် ဆုံးဖြတ်ချက်မချနိုင်ဘဲ မှတ်တမ်းတင်အဆင့်တွင်သာ ထားရှိနိုင်ခဲ့သည့် အဆိုပြုချက်နှင့် အကြံပြုချက်များအား အခြေပြုကာ NUCC ၏ အခန်းကဏ္ဍနှင့် အားနည်းချက်၊ စိန်ခေါ်မှုများ၊ ပြုပြင်ပြောင်းလဲစရာများကို လေ့လာတင်ပြသွားပါမည်။

ပြည်သူလူထုသို့ အစီရင်ခံစာ

ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို NUCC မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်မှ (၉) ရက်အတွင်း (၅) ရက် ကျင်းပခဲ့သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ နွေဦးတော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအင်အားစုများ (EROs) မှ ကိုယ်စားလှယ်များ၊ ကြားကာလပြည်နယ်/ ဖက်ဒရယ်ယူနစ်ကောင်စီများမှ ကိုယ်စားလှယ်များ စုစုပေါင်းညီလာခံကိုယ်စားလှယ် (၂၀၄) ဦး ပါဝင်ဆွေးနွေးခဲ့ပြီး အထူးဖိတ်ကြားထားသူ (၁၀၄) ဦး၊ လေ့လာသူ (၁၂၈) ဦးတို့ တက်ရောက်ခဲ့သည်။

ညီလာခံတွင် NUCC နှင့် ပူးတွဲပေါင်းစပ်ညှိနှိုင်းရေးကော်မတီများမှ အစီရင်ခံစာများနှင့် NUG ဝန်ကြီးဌာနများမှ အစီရင်ခံစာများကို တင်သွင်းခဲ့ပြီး အစုအဖွဲ့အလိုက် ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသူများက ဆွေးနွေးသုံးသပ်ချက်များ၊ အဆိုပြုချက်များ၊ အကြံပြုချက်များတင်ပြခဲ့သည်။ အဆိုပါဆွေးနွေးသုံးသပ်ချက်များ၊ အဆိုပြုချက်များ၊ အကြံပြုချက်များထဲမှ ဒေသန္တရအုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ၊ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စနှင့် မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) ကိစ္စတို့အတွက် ဆုံးဖြတ်ချက် (၃) ခုကို ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှဆုံးဖြတ်အတည်ပြုခဲ့ကြောင်း ဧပြီလ ၉ ရက်တွင် NUCC က ထုတ်ပြန်သည်။ 1

အဆိုပါဆုံးဖြတ်ချက် (၃) ခုတွင် (က) မြေပြင်အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများ (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ စနစ်တကျ လုပ်ဆောင်နိုင်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် သက်ဆိုင်ရာတော်လှန်ရေးအင်အားစုများအကြား ဟန်ချက်ညီ လုပ်ဆောင်နိုင်သောယန္တရားများအဖြစ် သုံးသပ်ပြင်ဆင်တည်ဆောက်ရန်၊ (ခ) အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တိုက်ဖျက်ရန်နှင့် ယင်းဥပဒေကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများကို လူထုနှင့်တော်လှန်ရေးအင်အားစုအသီးသီးပူးပေါင်း၍ မဟာဗျူဟာမြောက် အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရန်၊ (ဂ) မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) သည် ဖျက်သိမ်းရမည့် ဥပဒေဖြစ်ကြောင်း ဒုတိယအကြိမ်၊ ပြည်သူ့ညီလာခံကြီးမှ ဆုံးဖြတ်သည်။ အထက်ပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂) အား ဖျက်သိမ်းရေးနှင့်ပတ်သက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ဖော်ပြချက်ပါ ကြားကာလ ဥပဒေပြုရေး အခန်း (၅) ၏ ဖော်ပြချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်ဟူ၍ ဖော်ပြထားသည်။

ထို့အပြင် ကျန်ရှိနေသော ဆွေးနွေးအဆိုပြုချက်များအား ညီလာခံ၏ အဆိုပြုချက်များနှင့် သဘောထားစုစည်းချက်များအဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာ နိုင်ငံရေးဦးဆောင်အစု အဖွဲ့များမှ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားကြရန် လည်းဆုံးဖြတ်ခဲ့ပြီး ပြည်သူ့ညီလာခံများကို (၆) လတကြိမ် ပုံမှန်ကျင်းပသွားရန်လည်း ညီလာခံမှ သဘောတူဆုံးဖြတ်ခဲ့ကြောင်း “ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှ ပြည်သူလူထုသို့ အစီရင်ခံစာ” က ဆိုပါသည်။

မှတ်တမ်းတင်ထားသည့် အဆိုပြုချက်နှင့် အကြံပြုချက်များ

ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှ ချမှတ်ခဲ့သည့် NUCCနှင့် NUG တို့က “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ လိုက်နာအကောင်အထည်ဖော်ရန် အဆိုပြုချက်နှင့် အကြံပြုချက်များအား မှတ်တမ်းတင်ခြင်း” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့သည့် NUCC ၏ ဧပြီလ ၉ ရက်နေ့၊ ထုတ်ပြန်ချက်တွင် အဆိုပြုချက်နှင့် အကြံပြုချက်ပေါင်း (၂၁) ချက် ပါဝင်သည်။ 2

တော်လှန်ရေး၏ ဖြစ်ပေါ်နေသော တိုးတက်မှုများနှင့်အညီ နိုင်ငံရေးဦးဆောင်မှုပိုမိုအား ကောင်းလာစေရေး၊ မူဝါဒထိန်းညှိမှုပိုမိုကောင်းမွန်လာစေရေးတို့အတွက် NUCC နှင့် NUG တို့ကို ပြန်လည်သုံးသပ်ကာ ပြင်ဆင်ဖွဲ့စည်းမှုများဆောင်ရွက်ပြီး တတိယအကြိမ်ပြည်သူညီလာခံ တွင် အစီရင်ခံစာတင်သွင်းရန်၊ NUCC အနေဖြင့် ဘုံနိုင်ငံရေးသဘောတူညီမှု (Political Pact) များ ရရှိနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံးနှင့် ထိတွေ့ဆွေးနွေးမှုများကို အမြန်ဆုံးစတင်လုပ်ဆောင်ရန်၊ NUCC တွင် မပါဝင်သေးသော နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုများနှင့် လိုက်လံဆွေးနွေးကာ ဘုံနိုင်ငံရေးသဘောတူညီမှုများ အမြန်ဆုံးရရှိအောင် NUCC မှ ဦးဆောင်ပြီး ဆောင်ရွက်ရန်၊ ပြည်ထောင်စု၏ စုဖွဲ့မှု (Form of State) ကို ရှင်းလင်းစွာ ဆွေးနွေးရန်၊ ဗမာပြည်နယ် ဖွဲ့စည်းရေးကိစ္စအပါအဝင် ပြည်နယ်အသစ်များ ပေါ်ထွန်းရေးဆိုင်ရာ အခြေခံမူများချမှတ်ရန် စသည့် အဆိုပြုချက်၊ အကြံပြုချက်များကို အမှတ်စဉ် (၁) မှ (၅) အထိ အစဉ်လိုက်တွေ့ရှိရသည်။

ထို့အပြင် တရုတ်နိုင်ငံဆိုင်ရာ မူဝါဒထုတ်ပြန်မှု၊ ဘုံနိုင်ငံရေးရပ်တည်ချက်သဘောထားပူးတွဲထုတ်ပြန်မှု၊ ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ယူနစ်များ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) ဖွဲ့စည်းမှုကဲ့သို့သော နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် NUCC အား တိုင်ပင်ဆွေးနွေးမှုမရှိဘဲ NUG ၏ လုပ်ဆောင်ချက်များသည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပြဌာန်းချက်များကို ချိုးဖောက်ကျော်လွန်လုပ်ဆောင်ခဲ့သဖြင့် ထပ်မံလုပ်ဆောင်ခြင်း မပြုလုပ်ရန်ဆိုသည့်အချက်ကိုလည်း ထူးခြားစွာ တွေ့ရှိရပါသည်။ NUG အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်ပြဌာန်းချက်များကို တိကျစွာလိုက်နာပြီး NUCC ၏ နိုင်ငံရေးဦးဆောင်မှု နှင့် ထိန်းကျောင်းမှုကို လေးစားလိုက်နာရန်လည်း အဆိုပြုထားပါသည်။ (ဒုတိယအကြိမ် ပြည်သူ့ညီလာခံအပြီး မှတ်တမ်းတင်ထားသည့် အဆိုပြု၊ အကြံပြုချက်များကို ယခုသုံးသပ် တင်ပြချက်အပြီးတွင် မူရင်းအတိုင်းဖော်ပြပါမည်)

သတင်းတွေ့ရှိချက်များ

NUCC ၏ ဒုတိယအကြိမ်ပြည်သူ့ညီလာခံကို ဧပြီလ ၄ ရက်မှ ၆ ရက်အထိ ၃ ရက်တာကျင်းပရန် လျာထားခဲ့သော်လည်း အချိန်မလုံလောက်သဖြင့် ဧပြီ ၇ ရက်နှင့် ၉ ရက်နေ့များတွင် ဆက်လက်ပြုလုပ်ခဲ့ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့မှ ကိုယ်စားလှယ်များသည် ညီလာခံနောက်ဆုံးနေ့ ဖြစ်သော ဧပြီ ၉ ရက်နေ့ ညီလာခံတွင် တက်ရောက်ခြင်းမရှိခဲ့ဟု ဆိုပါသည်။ ထို့ကြောင့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံအပြီး ပြည်သူလူထုသို့အစီရင်ခံစာအပေါ် CRPH နှင့် NUG တို့၏ တာဝန်ယူ၊ တာဝန်ခံမှုသည် မေးခွန်းထုတ်စရာဖြစ်နေပါသည်။

ပြည်သူ့ညီလာခံကျင်းပရေးကော်မတီသို့ CRPH မှပေးပို့သော အကြောင်းကြားစာတွင်မူ ၎င်းတို့ မတက်ရောက်နိုင်ခြင်းအတွက် ယခုလိုအချက် (၅) ချက်ဖြင့် ထောက်ပြထားသည်။

“(က) ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂) ပါ ပြဋ္ဌာန်းချက်များထက်ကျော်လွန်၍ ဆွေးနွေးဆုံးဖြတ်အတည်ပြုချက်ရယူရန် လုပ်ဆောင်မှုများရှိလာခြင်း၊ (ခ) ညီလာခံတွင် ကြိုတင်ဖြန့်ဝေထား သည့် အစီအစဉ်များထက်ကျော်လွန်၍ ဆွေးနွေးဆုံးဖြတ် အတည်ပြုချက်ရယူရန် လုပ်ဆောင်မှုများရှိလာခြင်း၊ (ဂ) ညီလာခံ၏ အစီအစဉ်တခုတွင် သဘာပတိက မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့ပြီးသော အကြောင်းအရာအား နောက်အစီအစဉ်တခုတွင် ပြန်လည်ပြင်ဆင်ဆုံးဖြတ် အတည်ပြုရန် ဆောင်ရွက်ခြင်း၊ (ဃ) ညီလာခံ မူလအစီအစဉ်တွင် ပါဝင်ခြင်းမရှိသော ထပ်မံတင်သွင်းသည့် အဆိုပြုချက်များသည် သက်ဆိုင်ရာ အစုအဖွဲ့များအတွင်း အကျေအလည် အချိန်ယူဆွေးနွေးပြီး သဘောထားရယူနိုင်ရန် လိုအပ်သည့်အပြင် ယခုထက် ပိုမိုစုံလင်သော Stakeholders များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန်လိုအပ်သည့် အကြောင်းအရာကိစ္စရပ်များဖြစ်ခြင်း၊ (င) အချို့သော ညီလာခံကိုယ်စားလှယ်များသည် ညီလာခံက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် ပျက်ကွက်ခြင်း” ။ 3

ဆိုရသော် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသို့ မျှော်ရည်ကာ အားသွန်ခွန်စိုက် ထောက်ကူပံ့ပိုးနေကြသည့် ပြည်သူလူထုအတွက်မူ ဒုတိယအကြိမ် ပြည်သူ့ညီလာခံအပြီး သတင်းစကားများသည် အားရကျေနပ်ဖွယ်ရာ မရှိခဲ့ပေ။ NUCC အတွင်းအစုအဖွဲ့အချင်းချင်းအကြား ပွတ်တိုက်မှုများနှင့် NUG အပေါ် NUCC ၏ ထိန်းကျောင်းနိုင်မှု အကန့်အသတ်များကို တွေ့ရှိခဲ့ရပါသည်။

သုံးသပ်တင်ပြချက်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအား အကြောင်းပြုပြီး ဖြစ်တည်ပေါက်ဖွားလာသည့် နွေဦးတော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်ခြင်းပြရုပ်ဖြစ်သည်။ “လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မည်” ဟူသော ပြည်ထောင်စု မျှော်ရည်ချက်ဖြင့် NUCC သည် အစုအဖွဲ့ဝင်အချင်းချင်းအကြား တန်းတူညီတူဆက်ဆံရေးကို အလေးပေး ပုံဖော်သင့်သည်။ ရွေးကောက်ခံဖြစ်၍သော် လည်းကောင်း၊ လက်နက်နယ်မြေရှိ၍သော်လည်းကောင်း မည်သည့်အကြောင်းနှင့်မျှ အစုအဖွဲ့ဝင်အချင်းချင်းအပေါ် မထိမဲ့မြင်မပြုသင့်ပေ။ အလားတူ NUG သည်လည်း NUCC ၏ ထိန်းကျောင်းမှုကို အလေးအနက်ထား လက်ခံရပေမည်။

CRPH ဖြစ်စေ၊ NUG ဖြစ်စေ၊ NUCC ဖြစ်စေ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ဦးတည်ကာ နွေဦးတော်လှန်ရေးသမိုင်းပန်းချီကားတချပ်ကို ပုံဖော်ခြယ်သနိုင်ရန် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံတဝှမ်းလုံးရှိ နွေဦး တော်လှန်ရေး (ဝါ) ပြည်သူ့တော်လှန်ရေးအင်အားစုများကို ကိုယ်စားပြုရပ်တည်နေကြခြင်းကြောင့်ပင် CRPH ၊ NUG နှင့် NUCC တို့အပေါ် ပြည်တွင်းရော နိုင်ငံတကာကပါ လေးစား တန်ဖိုးထားကာ အ‌လေးတယူ စောင့်ကြည့်ပံ့ပိုးနေခြင်းဖြစ်ကြောင်း သတိပြုသင့်ပါသည်။

အထက်တွင်ဆိုခဲ့သလို NUCC သည် “နွေဦးတော်လှန်ရေးအင်အားစုများ၏ စုစည်းညီ ညွတ်ခြင်းပြရုပ်” ဟု မှတ်ယူကာ အစုအဖွဲ့အချင်းချင်းအကြား အားပြိုင်ကန်ကြောက်နေ၍မဖြစ်၊ ရည်မှန်းချက်နှင့် ဦးတည်ချက်များအား အကောင်ထည်ဖော်နိုင်ရန် နည်းမှန်လမ်းမှန် ဖြင့် ပြိုင်တူတွန်း၊ ပြိုင်တူရွေ့ရပေလိမ့်မည်။ NUCC ၏ ညီညွတ်ရေး ပြိုကွဲနိုင်ချေရှိသော အတွေးအခေါ်အယူအဆများနှင့် ချဉ်းကပ်မှုများကို သတိပြုရှောင်ရှားရမည်ဖြစ်သည်။

ဒုတိယအကြိမ် ပြည်သူ့ညီလာခံအပြီး ပြည်သူလူထုသို့ အစီရင်ခံစာ၊ ပြည်သူ့ညီလာခံမှ မှတ်တမ်းတင်ထားသည့် အဆိုပြုချက်၊ အကြံပြုချက်များနှင့်အတူ CRPH ၊ NUG တို့၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ချိန်ထိုးလေ့လာကြည့်ပါက နွေဦးတော်လှန်ရေးကာလ အတွင်း အာဏာသိမ်းစစ်အုပ်စုအပေါ် စစ်ရေးအရ ဖိအားပေးထိုးစစ်ဆင်မှုများသို့ စခန်းသိမ်း၊ မြို့သိမ်းအခြေအနေများအထိ အင်တိုက်အားတိုက်တက်လှမ်းနိုင်သည့်တိုင် နိုင်ငံရေးအရ အရွေ့အပြောင်းများတိုးတက်မှုသည် နှေးကွေးလွန်းနေသည်ဟု သုံးသပ်ရပါသည်။ ထို့အပြင် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်နေကြသည့် အစုအဖွဲ့အချင်းချင်း အကြားတွင်သော်လည်းကောင်း၊ ဦးဆောင်မှုအခန်းကဏ္ဍမှ လှုပ်ရှားဆောင်ရွက်နေကြသည့် အစုအဖွဲ့များတွင်သော်လည်းကောင်း ပြည်သူလူထုအပေါ် တာဝန်ယူ၊ တာဝန်ခံနိုင်စွမ်းများ ပိုမိုအားကောင်းဖို့ လိုအပ်နေပါသည်။

NUCC ၏ ဒုတိယအကြိမ် ပြည်သူ့ညီလာခံသည် နွေဦးတော်လှန်ရေးအား ဦးဆောင်ဦးရွက်ပြုနေကြသည့် အစုအဖွဲ့များအားလုံး၏ အားနည်းချက်များ၊ အကျပ်အတည်းများ၊ ပြုပြင် ပြောင်းလဲစရာများ၊ စိန်ခေါ်မှုများ စသဖြင့် အကြောင်းချင်းရာများစွာကို ပြည်သူလူထုထံ အစီရင်ခံခဲ့သဖြင့် ညီလာခံအောင်မြင်သည်ဟု ရှုမြင်မိပါသည်။ သို့သော် CRPH နှင့် NUG ကိုယ်စားပြုသူများ ညီလာခံပြီးဆုံးသည်အထိ မတက်ရောက်နိုင်ခြင်းအား ပြည်သူလူထုထံ အစီရင်မခံနိုင်ခြင်းကမူ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။

(၆) လတကြိမ် ပုံမှန်ကျင်းပသွားရန် သဘောတူဆုံးဖြတ်ခဲ့ကြသည့်အတိုင်း လာမည့် တတိယအကြိမ် ပြည်သူ့ညီလာခံတွင် NUCC နှင့် NUG အား သုံးသပ်ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် အင်အားစုအချင်းချင်းအကြား နိုင်ငံရေးအရ ဘုံသဘောတူညီချက်များ ရရှိခြင်းတို့ကဲ့သို့သော နိုင်ငံရေးအရ ဖြစ်ပေါ်တိုးတက်မှုများကို ပြည်သူလူထုထံ အစီရင်ခံနိုင်မလားဆိုသည်က စောင့်ကြည့်ရမည်ဖြစ်သည်။

………………………………………………………………………………………………………………..

1 ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှ ပြည်သူလူထုသို့ အစီရင်ခံစာ
2 အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ဒုတိယအကြိမ်၊ ပြည်သူ့ညီလာခံမှ ချမှတ်ခဲ့သည့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် အညီ လိုက်နာအကောင်အထည်ဖော်ရန် အဆိုပြုချက်နှင့် အကြံပြုချက်များအား မှတ်တမ်းတင်ခြင်း
3 ပြည်သူ့ညီလာခံ ပဉ္စမနေ့ကို NUG နဲ့ CRPH မတက်ရောက်တော့

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA