9 မေ 2024 /

See today's Peace Related News

ရက္ခိုင့်ကွန်ဖက်ဒရေးရှင်းအလွန်ကို မျှော်ကြည့်ခြင်း

နိဒါန်း

“သူ့ရဲ့ စစ်မြေပြင်အနေအထားနဲ့ နိုင်ငံရေးအခြေအနေတွေကတော့ မြန်မာပြည်သူ တရပ်လုံးအတွက် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်ဖို့ အကောင်းဆုံး အခါအခွင့်လို့ပဲ ကျွန်တော်တို့မြင်ပါတယ်”။

လက်ရှိ အာဏာသိမ်းစစ်အုပ်စုနှင့် နိုင်ငံရေးအခြေအနေအပေါ် ရက္ခိုင့်တပ်တော် (ULA/AA) စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ သဘောထားအမြင်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖွဲ့စည်းစဉ်ကလည်း ULA/AA မပါဝင်လာရခြင်း ကိစ္စအပေါ် “ငါရို့ကို ဂရုတစိုက်နန့်ခေါ်ခဘာရေ ကိုယ့်ရပ်တည်ချက်နန့်ကိုယ် မပါလိုက်စွာရာ။ ယင်းသူရို့ကို အပြစ်ပြောစရာ မလိုအပ်ပါ”ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြည်သူလူထုအား ရှင်းလင်းအသိပေးခဲ့ဖူးပါသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း ULA/AA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ ၏ စစ်ရေးအရှိန်အဟုန်သည် အတိုင်းအတာတခုအထိသော နယ်မြေပိုင်စိုးနိုင်မှုများနှင့်အတူ ရပ်တန့်သွားနိုင်မလား၊ ဟိုင်ဂင်သဘော တူညီချက်ကဲ့သို့သော တရုတ်၏ ကြားဝင်စေ့စပ်မှု ကြောင့် တုန့်ဆိုင်းသွားနိုင်မလား၊ ကွန်ဖက်ဒရေးရှင်းလား၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလားဟူသော မေးခွန်းများ၊ သံသယများဖြင့် စောင့်ကြည့်ခြင်းခံနေရပါသည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရခိုင်နှင့် ချင်းပြည်နယ်အတွင်းမှ မြို့ (၁၁) မြို့အထိ ထိန်းချုပ် သိမ်းပိုက်ထားနိုင်ပြီဖြစ်သည့် ရက္ခိုင့်တပ်တော် (ULA/AA) ၏ စစ်ရေးအရွေ့အဟုန်၊ နိုင်ငံရေး မျှော်ရည်ချက်များအား အချက်အလက်များ၊ အဖြစ်အပျက်များနှင့် ULA/AA ခေါင်းဆောင်များ၏ ပြောစကားများအပေါ် အခြေပြုကာ ချဉ်းကပ်တင်ပြသွားပါမည်။

ရက္ခိုင့်တပ်တော်၏ ဖြစ်တည်မှု

ရခိုင်ပြည်သူများကို ကာကွယ်ရေး၊ ငြိမ်းချမ်း‌ရေး၊ တရားမျှတရေးနှင့် လွတ်လပ်ရေး၊ ဖွံ့ဖြိုးရေးဆိုသည့် ရည်ရွယ်ချက်များသည် ၂၀ဝ၉ ခုနှစ် ဧပြီ ၁၀ ရက်၊ ရက္ခိုင့်တပ်တော် (AA) စတင်ဖွဲ့စည်းစဉ်က ရည်ရွယ်ချက်များဖြစ်သည်။ လူမျိုးပေါင်းစုံပါဝင်သည့် ရခိုင်ပြည်သူများ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် ရရှိရေး၊ လူမျိုးရေးကြန်အင်လက္ခဏာများနှင့် ယဉ်‌ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေး၊ ရခိုင်လူမျိုးတို့၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားမြှင့်တင်ဆောင်ရွက်ရေးတို့သည် ULA/AA ၏ ဦးတည်ချက်များဖြစ်သည်။ 1

ဦးသိန်းစိန်အစိုးရလက်ထက်၊ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည့်တိုင်၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးချိန်တွင်တော့ ဦးသိန်းစိန်အစိုးရက ချန်လှပ်ခဲ့သည်။
တပ်ဖွဲ့ဝင်အင်အား (၃၀ဝ၀ဝ) ကျော်အထိ ရှိလာသည့် ULA/AA သည် မူလက မဟာ မိတ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များနှင့် ပူးပေါင်းကာ တိုက်ပွဲ အတွေ့အကြုံများ ရယူခဲ့သော်လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်၊ ရခိုင်ပြည်နယ် ဘူးသီး တောင်၊ မောင်တော၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ စစ်တပ်လက် အောက်ခံ နယ်ခြားစောင့်တပ်စခန်း (၄) ခုကို တပြိုက်နက်တိုက်ခိုက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမကျင်းပမီအချိန်အထိ တိုက်ပွဲများ အရှိန်အဟုန်ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

သို့သော် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်၊ ULA/AA နှင့် စစ်ကောင်စီအကြား တွေ့ဆုံ ဆွေးနွေးမှုအပြီးတွင်တော့ ၎င်းတို့နှစ်ဖက်အကြား ရုတ်ချည်းဆိုသလို အပစ်အခတ်ရပ်စဲသွားခဲ့ပြီး စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်တွင် ULA/AA အား အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားခြင်းကို အာဏာသိမ်းစစ်ကောင်စီက ရုတ်သိမ်းပေးခဲ့သည်။ စစ်အာဏာသိမ်းရန် ကြိုးပမ်းနေသည့် အာဏာသိမ်းစစ်အုပ်စုအတွက် နိုင်ငံတဝှမ်းအင်အားစု ပေါင်းစုံက ဆန့်ကျင်တော်လှန်လာကြသည့်အချိန်တွင်တော့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ကိုယ်တိုင်လည်း ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးကဏ္ဍများကို နေရာယူလာခဲ့သည်။

စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးသို့ ဦးတည်တိုက်ပွဲဝင်နေကြသည့် နွေဦးတော်လှန်ရေး၏ အဝန်းအဝိုင်းထဲတွင် ULA/AA ပါဝင်မလာခြင်းအပေါ် သံသယများစွာဖြင့် မေးခွန်းထုတ် စောင့် ကြည့်နေကြသည့်တိုင် သတင်းအချက်အလက်လုံခြုံမှုကို စောင့်စည်းပြီး ဦးတည်ရာပန်းတိုင်ကို ရောက်ရှိရေးအတွက် အချိန်အခါနှင့် မဟာဗျူဟာကို စောင့်ကြိုပြင်ဆင်ကာ ချီတက်နေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
ရှမ်းမြောက်ဒေသက စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” တွင်တော့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းတပ်မတော် (TNLA) တို့နှင့်အတူ ULA/AA လည်း ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့် ရရှိခဲ့သည့် ဟိုင်ဂင် သဘောတူညီချက်အလွန်တွင်တော့ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တဝှမ်းတွင် အာဏာသိမ်းစစ်အုပ်စုအား ဦးတည်တိုက်ခိုက်လာသည့် ULA/AA ၏ စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲများကို အရှိန်အဟုန်ဖြင့် မြင်တွေ့လာရပါသည်။

စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများနှင့် ရက္ခိုင့်တပ်တော်၏ စစ်ရေးအဟုန်

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ၂၀၂၄ ခုနှစ် မတ်လ ၁၂ ရက် အထိ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) အကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း ၅၄၇ ခုရှိခဲ့ပြီး စစ်အာဏာမသိမ်းခင် ၂၀၁၉၊ ၂၀၂၀ နှစ်များအတွင်း တိုက်ပွဲဖြစ်ပွားမှုအရေအတွက်ထက် စစ်အာဏာသိမ်းကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုအရေ အတွက်က အနည်းငယ် ပိုများနေသည်ကို တွေ့ရပါသည်။

ထိုအထဲတွင်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင် ရေး” ကာလအတွင်း စစ်ကောင်စီတပ်နှင့် ULA/AA အကြား တိုက်ပွဲဖြစ်ပွားမှုသည် ၁၇၉ ခု အထိ ရှိခဲ့ပါသည်။ ထို့အပြင် တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ရရှိလာသည့် ဟိုင်ဂင်သဘောတူညီချက်အလွန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး ရက္ခိုင့်တပ်တော်၏ အာဏာသိမ်း စစ်အုပ်စုအပေါ် ထိုးစစ်ဆင်တိုက်ပွဲများသည် ပိုမိုအရှိန်အဟုန်အားကောင်းလာခဲ့ပါသည်။

ယခုအခါ ၂၀၂၄ ခုနှစ်မှစတင်ပြီး ချင်းပြည်နယ် ပလက်ဝမြို့ကို ဇန်နဝါရီ ၁၄ ရက်၊ ဆမီးမြို့ကို ဇန်နဝါရီ ၁၆ ရက်၊ ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ဇန်နဝါရီ ၁၉ ရက်၊ မင်းပြား၊ ကျောက်တော်တို့ကို ဖေဖော်ဝါရီ ၆ ရက်၊ မြောက်ဦးမြို့ကို ဖေဖော်ဝါရီ ၈ ရက်၊ မြေပုံမြို့ကို ဖေဖော်ဝါရီ ၁၅ ရက်၊ ပုဏ္ဏားကျွန်းမြို့ကို မတ်လ ၄ ရက်၊ ရမ်းဗြဲမြို့ကို မတ်လ ၁၁ ရက်၊ ရသေ့တောင်မြို့ကို မတ်လ ၁၇ ရက်တို့တွင် စစ်ကောင်စီလက်အောက်မှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါသည်။

ရက္ခိုင့်ကွန်ဖက်ဒရေးရှင်းအလွန်ကို မျှော်ကြည့်ခြ့င်း

“ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ အချုပ်အခြာအာဏာပိုင်မှုဟာ ကျနော်တို့အမျိုးသားရေးလှုပ်ရှားမှုရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံမှာ ကျနော်တို့ရခိုင်လူထုတောင်းတနေတဲ့ ကွန်ဖက်ဒရေးရှင်းပုံစံမျိုးအတွက် နိုင်ငံရေးအရ နေရာရှိ မရှိ ဆိုတာ ကြည့်ရပါဦးမယ်” ဟု ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၈ ရက်၊ ဘာတေးလင့်တနာနှင့် အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။ 2

အခြားသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ ယှဉ်တွဲနေထိုင်ရရေးကို ပိုမို နှစ်သက်သည့်တိုင် မှန်ကန်သည့် နိုင်ငံရေးအဆင့်အတန်းမျိုး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတွင် မရရှိနိုင်ပါက နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင်ရေးအတွက် ကိုယ့်ဘာသာကြိုးစားယူရလိမ့်မည်ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါသည်။

“ ၁၀၂၇ စစ်ဆင်ရေး” မှစတင်ပြီး ၆ လပင်မပြည့်သေးသည့် ကာလအတွင်း နိုင်ငံတဝှမ်း မြို့ပေါင်း ၅၁ မြို့အထိ ERO များအပါအဝင် တော်လှန်ရေးအင်အားစုများဘက်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ ကောလင်းမြို့အား အာဏာသိမ်းစစ်အုပ်စုမှ ပြန်လည်ထိန်းချုပ်သွား နိုင်သဖြင့် ယခုအခါ မြို့ပေါင်း (၅၀) အထိ အာဏာသိမ်းစစ်အုပ်စု၏လက်အောက်မှတော်လှန် ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပါသည်။ ထိုအထဲတွင် ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မြို့ပေါင်း ၁၁ မြို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ဟု ဆိုရမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဘီဘီစီသတင်းဌာနနှင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့၏ အမေးအဖြေကဏ္ဍတွင်တော့ “ကျွန်တော်တို့ကတော့ အတူတကွ စည်းစည်းလုံးလုံး အနာဂတ်ကို တည်ဆောက်ချင်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ လိုချင်တဲ့ ကျွန်တော်တို့ ရသင့်တဲ့ အတိုင်းအတာကို မရဘူးဆိုရင်တော့ တခြားသော စဉ်းစားမှုတွေလည်း ရှိလာနိုင်တယ်ပေါ့။ ကျွန်တော်တို့ကတော့ ဒီဟာတွေကို ပါးစပ်နဲ့ပြောနေတာထက် ကျွန်တော်တို့ရဲ့ အခြေခံ အင်အားတွေကို အကောင်းဆုံးတည်ဆောက်ပြီး ပြောသင့်ပြောထိုက်တဲ့အချိန်မှ ကျွန်တော်တို့ အခြေအနေအချိန်အခါကိုကြည့်ပြီးမှ သေသေချာချာ လက်တွေ့ကျကျ ဆွေးနွေးဆောင်ရွက်သွားဖို့အတွက် စဉ်းစားထားပါတယ်” ဟု ဆိုပါသည်။ 3

သုံးသပ်တင်ပြချက်

ရက္ခိုင့်တပ်တော် (ULA/AA) ၏ စစ်ရေးအရွေ့အဟုန်သည် ဆက်လက်အားကောင်းနေဆဲ ဖြစ်သည်။ နွေဦးတော်လှန်ရေးအင်အားစုများ၊ အထူးသဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးသို့ ဦးတည်တိုက်ပွဲဝင်နေကြသည့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-LDF) များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များနှင့်အတူ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများကို မြင်တွေ့ရသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်လည်း နိုင်ငံ ရေးအရ တွေ့ဆုံဆွေးနွေးမှုအချို့ ရှိခဲ့ပါသည်။ ထို့အပြင်မြောက်ပိုင်းညီနောင်မဟာမိတ်များနှင့် အတူ တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီ၏ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံရသည့် အခြေအနေမျိုးကို တွေ့မြင်နေရပါသည်။

ရခိုင်ဒေသတခုလုံးကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအရ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုထားသည့်အတွက် ဟိုင်ဂင်သဘောတူညီချက်အလွန် “၁၀၂၇ စစ်ဆင်ရေး”၏ နောက်ဆက်တွဲစစ်ရေးအဟုန်သည် ရခိုင်ဒေသ လွတ်မြောက်ရေးဆီသို့ ဦးတည်နေပါသည်။ ရခိုင်အမျိုးသားရေးဆိုင်ရာ ရက္ခိတလမ်းစဉ်၊ ရက္ခိတရည်မှန်းချက်များဖြင့် စတင်ခဲ့သည့် ရက္ခိုင့်တပ်တော် (ULA/AA) ၏ အတွေးအခေါ်အရွေ့သည် လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ လူမျိုးပေါင်းစုံ ကြီးငယ်မခွဲခြားဘဲ တန်းတူမျှတစွာအခွင့်အရေး ရရှိရေးနှင့် လူမျိုးစုအလိုက် အကုန်လုံးစည်းလုံးညီညွတ်ရေးဆီသို့ ဦးတည်လာသည်ဟု ဆိုရမည်ဖြစ်သည်။

နွေဦးတော်လှန်ရေးအင်အားစုများအနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ဘုံရည်မှန်းချက်အဖြစ် ထားရှိနိုင် သကဲ့သို့ ရက္ခိုင့်တပ်တော် (ULA/AA) ၏ ကွန်ဖက်ဒရေးရှင်းဟူသည်ကလည်း ထည့်သွင်းစဉ်းစားနိုင်စရာ အကြောင်းအချက်တခုဖြစ်လာနိုင်ပါသည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ယခုလိုပြောဆိုထားပါသည်။

“ကျနော်တို့ရဲ့အတွေးအခေါ်ကတော့ နိုင်ငံတနိုင်ငံမှာ စနစ်တခုတည်းနဲ့ မူတခုတည်းနဲ့ ရှိသမျှပြဿနာအကုန်လုံးကို တခုတည်းမှာပဲ ကွက်တိဖြစ်ရမယ်ဆိုတဲ့ Concept ကို ကျနော်တို့က လက်မခံဘူး”။ 4

1 မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၁၅ ၊ စာမျက်နှာ ၁၅၃
2 Rebel yell: Arakan Army leader speaks to Asia Times
3 ‘‘ရက္ခိတအိပ်မက်ဆိုတာရှိပေမဲ့ … လူမျိုးပေါင်းစုံ လွတ်မြောက်ရေး၊ တန်းတူမျှတရေး…ငြိမ်းချမ်းဖို့ လိုတယ်’’ – AA စစ်ဦးစီးချုပ်
4 AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း – ၂)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA