တပ်ချုပ်၏ ခွဲမထွက်ရ တောင်းဆိုမှု တိုင်းရင်းသားများအပေါ် ထာဝရဖိနှိပ်ထားရန်ဖြစ်ဟု IKO ပြော

0
267

မကြာခင်က ကျင်းပပြီးစီးခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်း ၃နှစ် ပြည့် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ခွဲမထွက်ရဟု တောင်းဆိုလိုက်ခြင်း သည် လူမျိုးတစ်မျိုး၏ မွေးရာပါ အခွင့်အရေးကို ဟန့်တား ပိတ်ပင်ရုံတင်မက တိုင်းရင်းသားများအပေါ် ထာဝရ ဖိနှိပ်ထားလို သည့်သဘောဖြစ်ကြောင်း နိုင်ငံတကာ ကရင်အဖွဲ့အစည်း (IKO) က ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်၌ အောက်တိုဘာ ၁၅ ရက်မှ ၁၆ရက်နေ့အထိ ကျင်းပသည့် NCA လက်မှတ်ထိုးပြီးသော တိုင်း ရင်းသား ထိပ်သီးခေါင်းဆောင်နှင့် အစိုးရ ထိပ်သီးခေါင်းဆောင်တို့ NCA လက်မှတ်ထိုးခြင်း ၃နှစ်ပြည့် အစည်းအဝေးနှင့်ပတ် သက်၍ IKO က အောက်တိုဘာလ ၂၁ရက်နေ့က ထုတ်ပြန်ခဲ့သော ၎င်းတို့၏ ကြေညာချက်တွင် ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

IKO ပြောခွင့်ရသူ မန်းအော်လန်းဒိုက “ကျနော်တို့စတိတ်မန့်မှာ ဖော်ပြနေတာက ခွဲမထွက်ဘူးလို့ ကာချုပ်ဘက်က ကတိ အတင်း တောင်းနေတာက ဟိုးတုန်းက ခေတ်အဆက်ဆက် အနိုင်ကျင့်ခဲ့သလို ရှေ့ဆက်ပြီးတော့ တိုင်းရင်းသားတွေကို အနိုင် ကျင့်အုံးမယ်ဆိုတဲ့ ဆန္ဒရှိနေလို့ အဲဒီကတိကို အတင်းအကြပ် တောင်းနေတာပဲဖြစ်တယ်။ ကျနော်တို့ အဲလိုမြင်တယ်။”ဟု ကေ အိုင်စီသို့ ပြောသည်။

ခွဲထွက်ရေး၊ မခွဲထွက်ရေးဟူသည် တိုင်းရင်းသားများ၏ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်သည့်အတွက် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် တောင်းဆိုရန် မလိုအပ်သလို နောင်အနာဂတ်တွင် တည်ဆောက်မည့် ဖက်ဒရယ်ပြည်ထောင်စုတွင် တန်းတူမှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအပြည့်အဝရှိပါက မည်သည့်တိုင်းရင်းသားများမှ ခွဲထွက်မည် မဟုတ်ကြောင်း လည်း မန်းအော်လန်းဒိုက ဆက်ပြောသည်။

NCA လက်မှတ်ထိုးခြင်း ၃နှစ်ပြည့် ထိပ်သီးအစည်းအဝေး၏ အဖွင့်မိန့်ခွန်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ၂ဝ၁၁ခုနှစ်၊ သြဂုတ် ၁၈ရက်နေ့တွင် ထုတ်ပြန်သည့် “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ဆိုသည့် ဖိတ်ခေါ်ချက်အရ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆွေးနွေးရာမှာ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာလက်ခံမှု၊ ခွဲထွက်ရေး ကိစ္စကို မပြောရန် ကနဦးသဘော တူညီပြီးမှငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးတက်ဆောင်ရွက်ခဲ့သည်ကို အမှတ်ရစေလို ကြောင်း၊ ထို့ကြောင့်ခွဲမထွက်ရဆိုသည့် သဘောတူညီချက်ကို ထည့်သင့်မထည့်သင့် အငြင်းပွားနေစရာမလိုအပ်သလို NCA၏ အခြေခံမူနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများအရ မဖြစ်မနေ ထည့်သွင်းရမည့် သဘောတူညီချက်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားချက်အပေါ် မန်းအော်လန်းဒိုက “အခု ဘာမှ မဆွေးနွေးရသေးဘူး။ နောင် အနာ ဂတ် တည်ဆောက်မယ့် ဖက်ဒရယ်ပြည်ထောင်စုမှာ တန်းတူရည်တူမှု ရှိသလား၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသလား၊ အဲဒီဟာတွေ မရှိသေးဘဲနဲ့ အာမခံချက် ဘာမှမရှိသေးဘဲနဲ့ အတင်းအကြပ်ပဲ ပြည်ထောင်စုကနေ ခွဲမထွက်ရဘူးဆိုတဲ့ဟာ ဘာပြည်ထောင်စု လဲ ကျနော်တို့ မေးလို့ရတယ်။”ဟု ပြောသည်။

၎င်းနှစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲတွင် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ထိပ်သီးခေါင်းဆောင် ၁ဝဦးနှင့် အစိုးရထိပ်သီးခေါင်းဆောင် ၁ဝဦး တက်ရောက်ခဲ့ကြရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့ကြား ငြိမ်း ချမ်းရေးဆွေးနွေးမှုအတွက် တစ်ဆို့နေသည့် ခွဲမထွက်ရနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ အပါအဝင် တစ်ခုတည်းသောတပ်မတော် ထားရှိရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အလားတူ နိုင်ငံအတွင်း တပ်မတော်တစ်ခုတည်း ထားရှိသွားရေးမှာ ဖက်ဒရယ်တပ်မတော်ပုံစံဖြစ်ရမည်ဖြစ်ပြီး ယခုအချိန်တွင် အချိန်မတန်သေးကြောင်းနှင့် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီနှင့် ဒုတိယ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲတို့၏ ရုပ်သံပြောဆိုမှုကို ကရင်ငြိမ်းချမ်းရေးအ ထောက်အကူပြုကွန်ရက်(KPSN)၏ အင်တာနက်စာမျက်နှာတွင် ထုတ်လွှင့်ဖော်ပြထားသည်။

ထိုတစ်ဆို့နေမှုများကို ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် နှစ်ဘက်စိုးရိမ်မှု ဖြေလျှော့နိုင်သော၊ လိုလားမှုများကို ဖြည့်စွက်နိုင် သော နည်းလမ်းများကို ရှာဖွေရန်နှင့် တစ်ခုတည်းသော တပ်မတော် ထားရှိရေးအတွက် မူချမှတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဒီမိုက ရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတွင် တစ်ခုတည်းသော တပ်မတော် ထားရှိရေးကို တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်ခံသဘောတူခဲ့ကြသည်ဟု အစည်းအဝေးမှတ်တမ်းအရ သိရသည်။

တပ်မတော်တစ်ခုတည်းထားရေးကိစ္စ မူချမှတ်နိုင်ရေး သဘောတူညီချက်နှင့်ပတ်သက်၍ စစ်တပ်က ပြည်တွင်းစစ်တစ်လျှောက် လုံး လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် စစ်ဇဝတ်မှုများ ကျူးလွန်ခဲ့မှုကြောင့် နိုင်ငံတကာက စစ်ရာဇဝတ်ခုံရုံး -ICC သို့ တရားစွဲဆို ရန် ကြုံတွေ့နေရသည့် မြန်မာ့တပ်မတော်အနေဖြင့် တစ်ခုတည်းသော တပ်မတော်အဖြစ် ပါဝင်ပေါင်းစည်းရေးအတွက် တောင်း ဆိုခြင်းမှာ ပကတိအခြေအနေနှင့် သဟဇာတ မဖြစ်ကြောင်း IKO အဖွဲ့က ဆိုသည်။

အာရှ-ပစိဖိတ်၊ ဥရောပ၊ မြောက်အမေရိက စသည့်နိုင်ငံပေါင်း ၃၀ကျော်မှ ကရင်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံ တကာကရင်အဖွဲ့အစည်း -IKO ကို ၂၀၁၄ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေးအဖွဲ့အစည်းတို့အကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်နေခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးထိပ် သီးဆွေးနွေးပွဲသည် လတ်တလော အစိုးရနှင့် တပ်မတော်တို့ရင်ဆိုင်နေရသည့် နိုင်ငံတကာဖိအားကို လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းမှုသာဖြစ်သည်ဟု အောက်တိုဘာလ ၁ဝရက်နေ့ကလည်း သဘောထားထုတ်ပြန်၍ ထောက်ပြခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here