ကချင်တစ်ကျော့ပြန်စစ်ပွဲ ၉ နှစ်ပြည့်နေ့အဖြစ် စစ်ရှောင်စခန်းများတွင် ကျောက်တိုင်စိုက်ထူမည်

0
163

၄ ဇွန် ၂၀၂၀

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့၏ ကချင်ဒေသတစ်ကျော့ပြန် တိုက်ပွဲ ၉ နှစ်ပြည့် ဇွန်လ ၉ ရက်နေ့တွင် အထိမ်းအမှတ်ကျောက်တိုင်များကို စစ်ရှောင်စခန်းများတွင် စိုက်ထူသွားမည်ဟု သိရသည်။

‘ANHTE GALOI N MALAP NA GA AI’ (ကျွနိုပ်တို့ ဘယ်တော့မှ မေ့မည်မဟုတ်) ဆိုသည့်စာတမ်းထိုး ကျောက်တိုင်ကို မြစ်ကြီးနားမြို့တွင်း တပ်ကုန်း (COC) စခန်း၊ ဂျန်မိုင်ကောင် (RC) နှင့် လယ်ကုန်း (ဗက်လင်) စစ်ရှောင်စခန်း စသည့် ၃ နေရာတွင် စိုက်ထူမည်ဖြစ်သည်။

“တကယ်တမ်းတော့ ဦးဆုံးရောက်တဲ့ စခန်းနဲ့ နောက်ဆုံးရောက်တဲ့ စခန်းတွေမှာ အရင်စိုက်ထူဖို့ စီစဉ်ထားတာ။ ဒါပေမယ့် တစ်ချို့စခန်းတွေမှာက နေရာအခက်အခဲရှိနေတယ်။ အဲကြောင့် ဒီ ၃နေရာတွင်မှာ သာပြုလုပ်နိုင်သေးတာပေါ့။ အခုလိုလုပ်ဆောင်တာကလည်း ရှင်းရှင်းလေးဘဲ။ စစ်ရှောင်စခန်းပြုလုပ်ခဲ့တဲ့ နေရာတွေကို ဘယ်တော့မှ မမေ့ဖို့ အမြဲတမ်းအမှတ်ရနေဖို့ဖြစ်တယ်။ ကျန်တဲ့စခန်းတွေမှာလဲ နောက်နောင်ပြုလုပ်သွားဖို့ရှိတယ်” ဟု ကချင်လူငယ်ခေါင်းဆောင်တစ်ဦး မဆွတ်ဆိုင်းထွယ်က ပြောသည်။

နေရာအခက်အခဲကြောင့် စစ်ရှောင်စခန်းတချို့တွင် ယခုနှစ်ကျောက်တိုင် စိုက်ထူနိုင်ခြင်းမရှိခဲ့သော်လည်း လာမည့်နှစ်များတွင် ဆက်လက်စိုက်ထူသွားမည်ဟု သိရသည်။

ထို့အပြင် စစ်ရှောင်များ၏ ခံစားချက်များနှင့် စစ်ရှောင်များ၏အခြေအနေကို ဆွေးနွေးမည့်အစီစဉ်ကိုလည်း ကချင်လူငယ်များဦးဆောင်ကာ ဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ အွန်လိုင်းမှတဆင့် ၃ ရက်သာ ထုတ်လွင့်သွားမည်ဟု ပြောသည်။

Covid-19 ကပ်ရောဂါကာလဖြစ်သောကြောင့် ယခင်နှစ်ကဲ့သို့ လူစုလူဝေးအစီအစဉ် ပြုလုပ်နိုင်ခြင်းမရှိသဖြင့် အစိုးရမှ ယခုလိုအွန်လိုင်းမှ တဆင့်သာ ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်း မဆွတ်ဆိုင်းထွယ်က ထပ်မံ ပြောဆိုသည်။

“လူငယ်တွေက စစ်ရှောင် ၉နှစ်ပြည့် အခမ်းအနားကို ၃ရက်ပြုလုပ်ဖို့ စီစဉ်ထားတယ်။ အဲ့မှာက စစ်ရှောင်တွေနဲ့ပတ်သက်ပြီး စကားဝိုင်းဆွေးနွေးမှုတွေပြုလုပ်သွားမယ်။ အဓိကတော့ စစ်ရှောင်တွေက သူတို့ရဲ့ ၉ နှစ်တာဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ပြောပြမယ်။ ပြီးရင်သူတို့ရဲ့ အနာဂတ်နဲ့ မျှော်လင့်ချက်တွေကို ဆွေးနွေးမယ်” ဟု ပြောသည်။

အဆိုပါ ၃ ရက်စကားဝိုင်းတွင် စစ်ရှောင်များ၏ ၉ နှစ်တာကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ အနာဂတ်မျှော်လင့်ချက်များနှင့် အစိုးရ၏ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်ေသာ ဆောင်ရွက်မှုများကို စကားဝိုင်းအဖြစ် ဆွေးနွေးသွားမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါဆွေးနွေးမှုတွင် ကချင်ပြည်နယ်လူမှုရေးဝန်ကြီး အပါအဝင် Kachin Humanitarian Concern Committee KHCC တာဝန်ရှိသူများနှင့် စစ်ရှောင်ပြည်သူမျာက အဓိက ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်တစ်ကျော့ပြန်တိုက်ပွဲ ၉ နှစ်ပြည့်သည့် ဇွန်လ ၉ ရက်နေ့တွင် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR မှလည်း ဝတ်ပြုအစီစဉ်များကို အွန်လိုင်းမှတဆင့် ထုတ်လွင့်သွားမည်ဟု ပြောသည်။

KNG မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here