မင်းပြားမြို့က သံဃာတစ်ပါးနှင့် လုပ်ငန်းရှင်နှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

0
116

၁၄ နိုဝင်ဘာ ၂၀၂၂

ရခိုင်ပြည်၊ မင်းပြားမြို့တွင် နိုဝင်ဘာလ ၁၁ ရက် ညနေ ၁၀ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံဃာတော်တစ်ပါးနှင့် လုပ်ငန်းရှင်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။


၄င်းတို့ကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ပြည်နယ်စစ်ကောင်စီ၏ သတင်းများကိုဖော်ပြနေသည့် ရခိုင့်နေစဉ် လူမှုကွန်ရက်စာမျက်နှာတွင် AA ထံ ငွေထောက်ပံ့ပေးနေသည်ဟု တိုင်ကြားချက်အရ အောင်မြေကုန်းကျောင်းမှ ဆရာတော်နှင့် ဆက်စပ်သူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူများကမူ ထိုစွပ်စွဲချက်များကို ပယ်ချကြသည်။

“ဖမ်းသွားတာတော့ သေချာပါတယ်။ သူတို့ (လုပ်ငန်းရှင်နှစ်ဦး) က အပြစ်ရှိတယ်လို့ကို မထင်ပါဘူး။ ခန့်မှန်းလို့တောင် မရဘူး။ အရက်တွေသောက်ကြတာလည်း မဟုတ်ဘူး။ နာမည်ဆိုးနဲ့လူတွေလည်းမဟုတ်ဘူး။ ကျွန်တော်သိတာက ၁၀ နာရီကျော်လောက်မှာ ဖမ်းတာလို့သိရတယ်။ အိမ်ကို အပြင်က တံခါးခေါက်ပြီး တခါတည်းတန်းပြီး ခေါ်သွားတာပါ။ သူတို့မိသားစုဝင်တွေတော့ ဘယ်လိုစီစဉ်ပြီး လုပ်နေကြလဲတော့ သေချာမသိရသေးပါ” ဟု အလယ်ပိုင်းရပ်ကွက်မှ ဒေသခံတစ်ဦးက DMG သို့ ပြောသည်။

လက်ရှိတွင် ဆရာတော်အပါအဝင် လူပုဂ္ဂိုလ်နှစ်ဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးသောကြောင့် အလွန်စိုးရိမ်ကြောင်း၊ တကာ၊တကာမများနှင့် မိသားစုဝင်များ စုစည်းကာ မြန်မာစစ်တပ် တပ်ရင်းများသို့ သွားရောက်မေးမြန်းရန် စီစဉ်နေကြောင်း ဆရာတော်၏ တပည့်တကာတစ်ဦးက ပြောသည်။

“မနေ့က ၁၀ နာရီခွဲမှာဖမ်းတာ။ ဘုန်းကြီးကျောင်းထဲကို ဝင်ဖမ်းတာပါ။ ဘယ်နေရာကို ခေါ်သွားမှန်းလည်း မသိရသေးပါ။ ဖမ်းတာက လုံးဝသေချာပါတယ်။ ဘာလို့ ဖမ်းလဲဆိုတာကိုတော့ ကျွန်တော့်အမြင်နဲ့ မပြောချင်ပါ။ သေချာလည်း မသိရသေးပါ”ဟု သူကပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး မြန်မာစစ်တပ်ဘက်ကလည်း ကုန်းလမ်း၊ ရေးလမ်းများကို ပိတ်ဆို့ကာ ဒေသခံများကို AA နှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးမှုများ ဆက်တိုက်ရှိလာနေသည်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here