မင်းတပ်မှာ စစ်ကောင်စီတပ်က မီးရှို့သတ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့ရှိ

0
136

၁၄ နိုဝင်ဘာ ၂၀၂၂

ချင်းပြည်နယ် မင်းတပ်မြို့ ပလုံတွီရွာမှာ စစ်ကောင်စီက မီးရှို့သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ Chin Defence Force (Mindat) က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၀) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ ပလုံတွီကျေးရွာကနေ ဆုတ်ခွာသွားချိန်မှာ CDF-Mindat က နယ်မြေရှင်းလင်းရေးလုပ်ချိန် မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တာပါ။

မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေက ကျန်ရှိနေတဲ့ အရိုးစုတွေကိုပါ စစ်ကောင်စီက ထုချေဖျက်စီးသွားတဲ့အတွက် အသုဘလုပ်ဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မီးရှို့သတ်ခံလိုက်ရတဲ့သူတွေဟာ ပလုံတွီရွာသား (၇) ဦးထဲက (၆) ဦးဖြစ်နိုင်ပြီး သူတို့တွေနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ (၇) ရက်နေ့ မနက် (၁၀) နာရီကျော်က ပလုံတွီ ကျေးရွာကဒေသခံတွေနဲ့ စစ်ဘေးရှောင် စုစုပေါင်း (၄၀) ဝန်းကျင်ကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးပြီးနေ့လည် (၁၂) နာရီခွဲဝန်းကျင်မှာ ဓားစာခံတွေပါလာတဲ့ စစ်ကြောင်းကို CDF-Mindat က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က (၂) ဦးသေဆုံးခဲ့ပြီးနောက် ဓားစာခံတွေကို တခြားနေရာကို ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ နိုဝင်ဘာလ (၁၀) ရက်နေ့မှာတော့ မကွေးတိုင်း ထီးလင်းမြို့ပေါ်ကို ပြန်လည်ဆုတ်ခွာသွားတဲ့အချိန်မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားတစ်ဦးကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ထီးလင်းမြို့ပေါ်မှာ စစ်ကြောင်းထွက်ဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံတွေအနေနဲ့ ထီးလင်းမြို့နဲ့ မင်းတပ်မြို့ အနီးတဝိုက်မှာ သွားလာတာတွေမလုပ်ဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here