စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ကျိုက်ထိုမြို့နယ်အတွင်း ဒေသခံပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

0
140

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး နေအိမ်မီးရှို့ခြင်းကြောင့် ဒေသခံ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

ထို့အပြင် ဒေသခံ ၂ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်ဟုလည်း KNU ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ဒေသခံတစ်ဦးက “စစ်တပ်တွေ ရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းပစ်တော့ ရွာသားတွေ အကုန်ထွက်ပြေးကုန်တယ်၊ ပြီးတော့ ရွာထဲကို သူတို့ဝင်လာပြီး အိမ်တွေကို မွှေနှောက်သွားတယ်၊ အိမ်တွေလည်း မီးရှို့သွားတယ်” ဟု ပြောသည်။

ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်အုပ်စု၊ ပိန္နဲကုန်းကျေးရွာထဲသို့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ယနေ့အချိန်ထိ စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုများရှိနေသည့်အပြင် နှစ်ဖက်ကြား စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကျေရွားထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တို့က ရွာထဲဝင်ပြီး နေအိမ်တွေကို မွှေနှောက်ကာ အဖိုးတန်ပစ္စည်းများ ယူဆောင်သွားသည့်အပြင် နေအိမ် ၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNU ဘက်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀၀ ခန့်က ဝိဇ္ဇာတောင်ဘက်မှ စစ်ကြောင်း ၁ ကြောင်း၊ အထက်အင်္ဂဘို စစ်ကုန်းဘက်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ KNU ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်အတွင်း အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်၍ ဝင်ရောက်လာခဲ့သည်ဟု KNU ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျိုက်ထီးရိုးတောင်တန်း ဝိဇ္ဇာတောင်ဘက်မှ အင်အား ၁၀၀ ကျော်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၁၆ ရက်နေ့က ကျောက်ဖျားကျေးနယ်အုပ်စု ကဒိုင်ဒွတ်ကျေးရွာအတွင်းသို့ ရောက်ရှိပြီး နေအိမ်များကို မွှေနှောက်ကာ အဖိုးတန်ပစ္စည်းများ ယူဆောင်သွားသည်ဟုလည်း KNU က ပြောဆိုထားသည်။

အထက်အင်္ဂဘိုရွာ စစ်စီးကုန်းဘက်က တက်လာသည့် အင်အား ၂၀၀ ပါ စစ်ကြောင်းမှာ ပိန္နဲတောကျေးရွာဘက်တွင် တပ်ဖြန့်ထားသည်ဟု KNU ကျိုက်ထိုမြို့နယ် တာဝန်ရှိသူကတစ်ဦးက ပြောသည်။

KNU ကျိုက်ထိုမြို့နယ် တာဝန်ရှိသူက ”စစ်ကောင်စီတပ် အင်အား ၅၀၀ လောက်က မြို့နယ်ထဲမှာ ဖြန့်ထားတယ် သူတို့ စစ်ကြောင်းနှစ်ကြောင်းထိုးလာတာတွေ့ရတယ်၊ တချို့ကိုတော့ ကင်းပုန်းချထားတာရှိတယ်” ဟု ပြောသည်။

ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်အင်အားအများအပြားဖြင့် ကျူးကျော်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် နယ်မြေခံ KNLA ပူးပေါင်းတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း KNU က ထုတ်ပြန်ထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here