ပုသိမ်အကျဉ်းထောင်အပါအဝင် ဧရာဝတီတိုင်းအတွင်းရှိ ထောင်များအားလုံး ရက်အကန့်အသတ်မရှိ ထောင်ဝင်စာပိတ်ထားဟုဆို

0
177

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်။

ဧရာဝတီတိုင်းရှိ ပုသိမ်အကျဉ်းထောင်အပါအဝင် ထောင်များအားလုံးတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြင့်ထားပြီး ထောင်ဝင်စာပို့ခွင့်ကို အောက်တိုဘာ ၂၀ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ထုတ်ပြန်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

“အင်းစိန်ထောင် ရှေ့မှာ မနက်ပိုင်းက ဗုံးပေါက်တယ်။ ဧရာဝတီကထောင်တွေမှာက မွန်းလွဲပိုင်းကစပြီး ရက်အကန့်အသတ်မရှိ ထောင်ဝင်စာ ပို့ခွင့်ပိတ်လိုက်တယ်” ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သည့် သတင်းအရင်း အမြစ်တစ်ဦး က ပြောသည်။

အင်းစိန်အကျဉ်းထောင် အရှေ့တွင် အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ဝန်းကျင်က ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုများရှိခဲ့ပြီးနောက် ထိုနေ့မှာပင် ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်ထောင်အပါအဝင် ထောင် ၅ ခုကို စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ကာ ထောင်ဝင်စာပို့ခွင့် ပိတ်လိုက်ခြင်း ဖြစ် သည်။

ရုတ်တရက် ထောင်ဝင်စာ ပို့ခွင့်ပိတ်လိုက်ခြင်းကြောင့် ထောင်ထဲက အကျဉ်းသားများကို အနယ်နယ်အရပ်ရပ်က ထောင်ဝင်စာပို့ကြသည့် မိသားစုဝင်များမှာ အခက်အခဲများဖြစ်ရသည်ဟု ထောင်ဝင်စာပို့သည့် မိသားစုများက ပြောသည်။

ငပုတောမြို့နယ် တောရွာဘက်မှ သားဖြစ်သူထံ ထောင်ဝင်စာလာပို့သည့် အမျိုးသမီးတစ်ဦးက “ကုန်းတတန် ရေတတန်နဲ့ ထောင်ဝင်စာလာပို့ ရတာပါ။ အခု ပို့ခွင့် မရဘူး ပိတ်လိုက်တယ်ဆိုတော့ ဘာလုပ်ရမှန်းတောင် မသိဘူး။ အထဲမှာ ဘာမှရှိတာမဟုတ်ဘူး။ အပြင်က ပို့ပေးမှ အဆင်ပြေတာ” ဟု ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ ထောင်များတွင် ထောင်ဝင်စာပို့ခွင့်ကို တစ်ပတ်လျှင် တစ်ရက်၊ တစ်ကြိမ်သာ ပို့ခွင့်ရကြပြီး တစ်လလျှင် ၄ ကြိမ်ပို့ ခွင့်ပေးထားရာမှ ယခု ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်းဖြစ်သည်ဟု အကျဉ်းဦးစီးဌာနထံမှ သိရသည်။

အပတ်စဉ် ထောင်စာပို့ခွင့်ရသည့် နေ့များမှာ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များဖြစ်ပြီး တပတ်လျှင် တစ်ရက်ပို့ခွင့်ရသည်ဟု ဆိုသည်။

ပုသိမ်ထောင်တွင် ထောင်ဝင်စာပို့ခွင့် ပိတ်လိုက်ရုံသာမက ထောင်တွင်းထောင်ပြင် လုံခြုံရေးကိုပါ တိုးမြင့်ထားလိုက်ပြီး နှစ်ကြီး နိုင်ငံရေးအကျဉ်းသားအချို့နှင့် အရေးကြီးသည့် နိုင်ငံရေးအကျဉ်းသားအချို့ကို သီးသန့်ချုပ်နှောင်ကာ စောင့်ကြည့်နေသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်ဟု နီးစပ်သူများက ပြောသည်။

ပုသိမ်အကျဉ်းထောင် တစ်ခုတည်းမှာပင် ပုသိမ်ခရိုင် ၇ မြို့နယ်က နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၄၀ ကျော်ခန့်နှင့် အမျိုးသား ၃၆၀ ကျော်ရှိနေသည်ဟု ဧရာဝတီ လူအခွင့်အရေးတက်ကြွသူများကွန်ရက်၏ စာရင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

ဧရာဝတီတိုင်းအတွင်းက ခရိုင်မြို့ကြီး ၅ မြို့ဖြစ်သည့် ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ ဟင်္သာတမြို့များတွင် အကျဉ်းထောင်များထားရှိသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here